တာဂျစ်ကစ္စတန်
တာဂျစ်ကစ္စတန်သည် ယခင်ဆိုဗီယက်ပြည်ထောင်စုမှ ခွဲထွက်နိုင်ငံဖြစ်သည်။
ထိုနိုင်ငံမှ ရှေးဟောင်းသုတေသနပညာရှင်းများက လွန်ခဲ့သည့် နှစ်ပေါင်း ၁၆၀၀ ခန့်က
ဟု ယူဆရသော လျောင်းတော်မူဟန် ဗုဒ္ဓရုပ်ပွားတော်ကြီးကို ၁၉၆၆ ခုနှစ်က
ရှာဖွေတွေ့ရှိခဲ့သော်လည်း ထိုစဉ်က ဖုံးကွယ်ထားခဲ့သည်။ မျက်မှောက်ကာလတွင်မူ
အဆိုပါ ရုပ်ပွားတော်ကြီးကို တာဂျစ်ကစ္စတန်ပြည်သူ့သမ္မတနိုင်ငံမြို့တော် ဒူရှန်ဘီ၌
ဖူးမြော် ကြည်ညိုခွင့်ရပြီဖြစ်သည်။ အေဒီ ၁၅ ရာစုလက်ရာ လျောင်းတော်မူ
ဗုဒ္ဓရုပ်ပွားတော်ကြီးသည် ထိုဒေသတွင်
ကမ္ဘာ့အကြီးဆုံးဗုဒ္ဓရုပ်ပွားတော်ကြီး ဖြစ်လာသည်။ အလျား ၁၄မီတာ၊ ဥာဏ်တော်
၄၅ ပေရှိသော ရုပ်ပွားတော်ကြီးကို တာဂျစ်ကစ္စတန်တောင်ပိုင်း
အက်ဂျဗီနာတိပါဒေသရှိ ဗုဒ္ဓသာသနိက အဆောက်အအုံအတွင်းမှ
ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အက်ဂျီနာတိပါဒေသသည် တရုတ်နိုင်ငံမှ
ဥရောပတိုက်သို့ လည်းကောင်း၊ ဗဟိုအရှမှ အိန္ဒိယနိုင်ငံ ဆိပ်ကမ်းမြို့များသို့
လည်းကောင်း၊ ဆက်သွယ်ထားသော ပိုးလမ်းမကြီး ပေါ်တွင် တည်ရှိသည်။ ဆိုဗီယက်
ကွန်မြူနစ်များက ထိုမျှကြီးမားသော ရှေးဟောင်းရုပ်ပွားတော်တွေ့ရှိမ့ကို
အများမသိစေရန် ဖုံးကွယ်ထားခဲ့ကြသည်။
2001 ခုနှစ်၊ သြဂုတ်လတွင် စတင်ဖွင့်လှစ်ခဲ့သော တာဂျစ်ကစ္စတန်နိုင်ငံ၏
အမျိုးသားရှေးဟောင်းအမွေအနှစ် ပြတိုက်၏ ညွှန်ကြားရေးမှူး ဒေါက်တာ
ဘာဘန်ဖူလော့ဘာအစ်မူရက်ကမူ အဆိုပါ ရုပ်ပွားတော်ကြီးကို ကမ္ဘာ့က သိရှိစေရန်
သူ၏ ဘ၀တစ်လျှောက်လုံး အချိန်ပေးခဲ့ကြောင်း၊ ဗဟိုအာရှတွင်
တာဂျစ်လူမျိုးများသည် ရှေးအကျဆုံး
လူမျိုးများဖြစ်ကြောင်း၊ အောက်တိုဘာတော်လှန်းရေးမတိုင်မီ
လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ရှိနှင်ခဲ့သော တာဂျစ်တို့၏
ယဉ်ကျေးမှုသမိုင်းအား ဖျောက်ဖျက်ခြင်းကို လက်မခံလိုကြောင်း၊
ရုပ်ပွားတော်အငယ်များနှင့် နံရံဆေးရေးပန်းချီများကိုလည်း စိန့်ပီတာစဘတ်မြို့ရှိ
ဟာမစ်တစ်ပြတိုက်သို့ သင်္ဘောဖြင့် ယူဆောင်သွားကာ
လျှို့ဝှက်သိမ်းဆည်းထားကြောင်း၊ ရုပ်ပွားတော်ကြိးမှာမူ
အရွယ်အစားကြီးမားသောကြောင့် ရွှေ့ပြောင်းရန် မလွယ်ကူ၍
ဒူရှန်ဘီပြတိုက်၏ မြေအောက်ထပ်၌
သိမ်းဆည်းထားခဲ့ကြကြောင်း၊ ဒေါက်တာဆာအစ်မူရစ်က ပြောကြားခဲ့ရာ
တစ်ချိန်သောကာလက တိမ်မြုပ်ခဲ့ရသော
ဗုဒ္ဓအမွေအနှစ်များသည် ရှေးဟောင်းအမွေအနှစ်များကို
ထိန်းသိမ်းသူတစ်ဦး၏ ကျေးဇူးကြောင့် မူဆလင်တိုင်းပြည်တစ်ပြည်တွင်
တင့်တယ်စွာပေါ်ထွက်လာခဲ့သည်။
1966 ခုနှစ်က တာဂျစ်ကစ္စတန်နိုင်ငံတွင် ပြန်လည်ဖော်ထုတ်နိုင်ခဲ့သော
လွန်ခဲ့သည် နှစ်ပေါင်း ၁၆၀၀ က လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီး
ဆိုဗီယက်တို့သည် တာဂျစ်လူမျိုးတို့၏
ဘာသာရေးဆိုင်ရာလက်ရာ ရှေးဟောင်းအမွေအနှစ်များကို လူသိရှင်ကြား
ထုတ်ဖော်ခြင်းမရှိခဲ့ကြောင်း၊ ဗဟိုအရှဒေသရှိ ပြင်သစ်အခြေစိုက် အစိုးရမဟုတ်သော
အဖွဲ့အစည်းမှ ဖရက်ဒရစ်ရူးဆိုးက ဆိုသည်။ အဆိုပါ အဖွဲ့အစည်းသည်
ရုပ်ပွားတော်ကြီးအား ပြုပြင်ထိန်းသိမ်းရန် ငွေကြေးကူညီ နေသည့်
အဖွဲ့အစည်း ဖြစ်သည်။ ရုပ်ပွားတော်ကြီးနှင့်ပတ်သက်၍ ဆောင်ရွက်ရန်အတွက်
ဟာမစ်တစ်ပြတိုက်မှာ ရုရှားရှေးဟောင်းသုတေသန ကျွမ်းကျင်သူများအား
အဆိုပါအဖွဲ့ကပင် ကမကထပြု ဖိတ်ကြားခဲ့သည်။
ဆိုဗီယက် ပြည်ထောင်စု မပြိုကွဲမီက ရုပ်ပွားတော်ကြီးကို အ
စိတ်အပိုင်းတစ်ရာကျော်ခွဲခြမ်း၍ သေတ္တာကြီးများတွင်ထည့်သွင်းကာ ပြတိုက်မြေအော
က်ထပ်၌ သိမ်းဆည်းခဲ့သည်။ ထို့နောက် အရုပ်ဆက်သကဲ့သို့ရုပ်လုံးပေါ်အောင်
အပိုင်းအစများကို ပြန်ဆက်ခဲ့သည်။ ခြောက်လမျှကြာအောင်
အချိန်ယူ ဆောင်ရွက်ခဲ့သည်ဟု ဒေါက်တာ ဆာအစ်မူရက် ကဆိုသည်။
ရုပ်ပွားတော်ကြီးသည် နံတောင်ကို အားပြု၍ လောင်းစက်တော်မူသည့် အသွင်ရှိသည်။
ပရိနိဗ္ဗာန်မစံမီ နောက်ဆုံး အခိုက်အတန့်တွင် ဘုရားရှင်တို့၏ ရှိအပ်သော
နိဗ္ဗာန်အမြိုက်ဓာတ်၏ ငြိမ်းအေးမှုကို ဘုရားရှင်၏ မျက်နှာတော်က
လှစ်ဟပြသနေသည်။ လောင်းတော်မူ ရုပ်ပွားတော်၏ ပလ္လင်တော်ပတ်လည်နှင့်
သာသနိက အဆောက်အအုံနံရံတို့တွင်
ဗုဒ္ဓဖြစ်တော်စဉ်အား တောက်ပလင်းလက်သော ရောင်စဉ်တို့ဖြင့် ရေးဆွဲထားသည့်
ပန်းချီကား ထောင်ပေါင်းများစွာကိုပင် တွေ့ရသည်။
ဗုဒ္ဓဘုရားရှင် ပွင့်တော်မူသည့်ကာလက ဗုဒ္ဓယဉ်ကျေးမှုများသည်
ကက်ရှ်ကန်မင်းဆက်များ လက်အောက်ခံ ဗဟို အာရှနှင့် ကျန်ပြည်နယ်တို့၌
ထွန်ကားပျံ့နှံ့ရောက်ရှိကာ ဘာမီယန်ဒေသ (အာဖဂန်နစ္စတန်)၏ မြောက်ဘက်
ကီလိုမိတာ ၃၀၀ခန့် (မိုင် ၁၈၀)ကျော် အကွာ၌ရှိသည်။ အက်ဂျီနာတီပါဒေသလည်း
အပါအ၀င်ဖြစ်သည်။ ကက်ရှ်ကန်တို့သည် ဘီစီ ၁၄၀ ၀န်းကျင်က ဗဟိုအာရှကို
ပထမဆုံးကျူးကျော်ခဲ့သည်။ တရုတ်အနွယ်ဝင် လူမျိုးစုများမှ
ဆင်းသက်လာကြသူများဖြစ်သည်။ ပါကစ္စတန်တောင်ပိုင်း၊ အီရန်အနောက်ပိုင်းမှ
အာဖဂန်နစ္စတန်၊ ဗဟိုအရှနှင့် စင်ကျန်ပြည်နယ်များ အထိကျယ်ပြောသောဒေသကို
စုစည်းညီညွှတ်စေလျှက် အေဒီတစ်ရာစုမှာပင် ကက်ရှ်ကန်တို့သည်
အင်ပါယာနိုင်ငံကြီးတစ်ခုတည်ဆောက်ခဲ့ကြသည်။ အေဒီနှစ်ရာစု မဟာကန်နှစ်ရှ်ကာ
(The Great Kushan King Kanishka) လက်ထက်တွင် အိန္ဒိယနိုင်ငံအထိ
သြဇာသက်ရောက် အုပ်စိုးနိုင်ခဲ့သည်။ အဆိုပါ ဘုရင်မင်းမြတ်သည် မဟာယနဗုဒ္ဓဘာသာ၏ သာသနာ့ ဒါယာကတစ်ဦးဖြစ်သည်။
ထိုမင်းလက်ထက်မတိုင်ခင်က ဗုဒ္ဓရုပ်ပွားတော်များ ထုဆစ်ပူဇော်ခြင်းမရှိဘဲ
ဘုရားရှင်ကိုယ်စားပြု သင်္ကေတများကိုသာ ပူဇော်ကြရာမှ ထိုမင်းလက်ထက်တွင်
လူသားအသွင် ရုပ်ပွားတော်များကို စတင်ကိုးကွယ်ခဲ့ကြသည်။ ထို့ကြောင့်
ရုပ်ပွားတော်အစ ကက်ရှ်ရှန်က ဆိုခဲ့ကြသည်။ ထို့နောက် ကက်ရှ်ရှန်အင်ပါယာကြီး
ပြိုကွဲခဲ့သော်လည်း အေဒီ ခြောက်ရာစု တိုင်အောင် ဧကရာဇ်နိုင်ငံငယ်များတွင်
ဗုဒ္ဓအမွေအနှစ်များ ကျန်ရှိကြသေးသည်။
အာဖဂန်နစ္စတန်နိုင်ငံအလယ်ပိုင်း ဟာဇရာဂျက်ဒေသ
ဟိန္ဒူကွက်ရှ်တောင်တန်းကြီး၏ သဲကျောက်တောင်ခါးပန်း၌ ရပ်တော်မူ
ဗုဒ္ဓရုပ်ပွားတော်ကြီးနှစ်ဆူရှိခဲ့သည်။ ၁၇၅ ပေခန့်မြင့်သော တစ်ဆူသော
ရုပ်ပွားတော်သည် ကမ္ဘာ့အကြီးဆုံးအဖြစ် မှတ်တမ်းဝင်ပြီး အေဒီ
သုံးရာစု နှင့် လေးရာစုအကြားကာလက ထုဆစ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ
ရုပ်ပွားတော်ကြိးနှစ်ဆူ ပျက်စီးသွားချိန်တွင် ဗဟိုအာရှ၏ ရုပ်ပွားတော်ကြီးများကို
ထိန်းသိမ်းနိုင်ရန် ပိုမိုအားစိုက် ကြိုးပမ်းကြဖို့
လိုအပ်ပါကြောင်း ဒေါက်တာဆာအစ်မူရက်က ဆိုသည်။ အကြမ်းဖက်သမားများသည်
အာဖဂန်နစ္စတန်၏ သမိုင်းကို ဖျက်ဆီးရုံမျှမဟုတ်၊ ယဉ်ကျေးမှုအမွေအနှစ်များကိုပါ
ဖျက်စီးခဲ့ကြပါသည်။
တော်တော်ဆိုးတဲ့ လူအာနတွေပဲလေ ဘုရားကို ဘုရားမှန်မသိ ပတ္တမြားကို ရွံ့တုံးလို့
အထင်မှားကြတာလေ။
အဘယ်ကြောင့်ဆိုသော ဘာမီယန်ဗုဒ္ဓယဉ်ကျေးမှုသည် တရုတ်နိုင်ငံနှင့်
ဗဟိုအာရှဒေသ၌ ဗုဒ္ဓဘာသာကို ပျံ့နှံ့ခဲ့သော ဗဟိုဌာနဖြစ်ကြောင်း ဆာအစ်၏
လက်ထောက်ပါဗင်အက်ဒေါလိုဗာက ဆိုသည်။ ပါကစ္စတန်တွင်ရှိသော ဂန္ဓာရတိုင်း
ဗုဒ္ဓယဉ်ကျေးမှု၊ အာဖဂန်နစ္စတန်ရှိ ဘာမီယန် ယဉ်ကျေးမှုနှင့် တာဂျစ်ကစ္စတန်ရှိ
ကာဂန်တီဗီယဉ်ကျေးမှုများသည် အဆက်အစပ်ရှိကြောင်း ယဉ်ကျေးမှု
ထိန်းသိမ်းသူများက ဆိုသည်။
တာဂျစ်ကစ္စတန် ဒေသန္တရသတင်းစာတစ်စောင်တွင် တာဂျစ်မှ
ဗုဒ္ဓရုပ်ပွားတော်များ လုံခြုံစွာရှိကြောင်း ခေါင်းစီတင်ထားသာ် သတင်းပါလာသောအခါ
တာဂျစ်လူမျိုးများသည် သူတို့၏ ဘိုးဘွားအမွေအနှစ် ရုပ်ပွားတော်ကြီးအကြောင်းကို
သိလာရတော့သည်။
တာဂျစ်ပြတိုက်တွင် ရှေးဟောင်းပြတိုက်တါင် ရှေးဟောင်းပါရှားလူမျိုးတို့၏
ဘာသာရေး (Zoroastrianism) နှင့် ဟိန္ဒူဘာသာရေးဆိုင်ရာ
လက်ရာပစ္စည်းများကိုလည်း ပြသထားသည်။ ဗုဒ္ဓဘာသာနှင့် ဇိုရိုစတာဘာသာတို့
တန်းတူ ယှဉ်ပြိုင်ရပ်တည်နိုင်ကြောင်း ဖော်ညွှန်းနေသည်။
ဇိုရိုစတာဘာသာရေးဆိုင်ရာ ရှာဖွေတွေ့ရှိမှုများမှာလည်း
ချီးကျူးလောက်စရာပင်၊။ အီရန်နိုင်ငံပြင်ပရှိ သက်တမ်း
၃၄၀၀ ကျော်ကြာမြင့်ပြီဖြစ်သော ဇိုရိုစတာဝါဒဆိုင်ရာ လက်ရာများကို အပြည့်အဝ
စုစည်းထားသည်။ ဇိုရိုစတာာဝါဒီ သို့မဟုတ် ပါရှန်းလူမျိုးများသည်
အီရန်၊ တောင်အရှ နှင့် ဗဟိုအာရှတို့တွင် အနည်းငယ်မျှ ကျန်ရှိနေသေးသည်။
ဥဇဘက်ကစ္စတန်နှင့် တာဂျစ်ကစ္စတန်တောင်ပိုင်း နယ်စပ်ဒေသအနောက်ပိုင်းတွင်
ဝတ်ကျောင်းတော်ကြီးတစ်ခုပါဝင်သည့် မြို့ဟောင်းတစ်ခုကို ဆိုဗီယက်တို့က
1960 ပြည့်နှစ်တွင် တူးဖော် တွေ့ရှိပြန်သည်။ သို့ရာတွင် ထိုတွေ့ရှိမှုကိုလည်း
ဖုံးကွယ်ထားခဲ့ပြန်သည်။ ဇိုရိုစတာဝါဒီ အနည်းငယ်တို့သည် တာ့ခ်မင်နစ္စတန်၊
အဇာဘိုင်ဂျန် နှင့် ဥဇဘက်ကစ္စတန်နိုင်ငံ ဘူခါရာဒေသများ၌ ကျန်ရှိနေဆဲ ဖြစ်သည်။
ဘူခါရာသည် အစ္စလာမ်ဘာသာထွန်းကားသော ဗဟိုအရှ၏ မြို့တော်ဖြစ်သော်လည်း
ထိုနိုင်ငံရှိ ဘုရင်များသည် အခြားသော ဘာသာရေးများကို လွတ်လပ်စွာ
ယုံကြည်ခွင့်ပေးခဲ့ဟန်ရှိသည်။
အဆိုပါပြတိုက်တွင် ဂရိနှင့် ရောမယဉ်ကျေးမှုဆိုင်ရာများကိုပါ ပြသထားသည်။
ဘီစီ ၃၂၉ တွင် မဟာအလက်ဇန္ဒားဘုရင်က ဗဟိုအာရှကို မသိမ်းပိုက်ခင်
အစောပိုင်းကာလ၌ပင် ကက်ရှ်ရှန်ယဉ်ကျေးမှုတွင် ဂရိတို့၏
ယဉ်ကျေးမှုအငွေ့အသက်များ လွှမ်းမိုးနေသည်။ ထိုအချိန်က ဗဟိုအာရှကို
အုပ်စိုးသူများသည် ဆက်ဂ်ဒီယန်လူမျိုးများဖြစ်ကြပြီး တာဂျစ်တို့၏ ဘိုဘေးများဟု
ယူဆရသည်။ ဆက်ဂ်ဒီယန်များကို အောင်နိုင်ခဲ့ပြီးနောက် ယနေ့ခောတ် ကိုးဂျန့်
(Khodjent)မြို့အနီးရှိ အော်ရာတိုပါမြို့မှ ဆက်ဂ်ယန်မင်းသမီး ရိုဆာနာ (Roxana) နှင့်
မဟာအလက်ဇန္ဒားတို့ လက်ဆက်ခဲ့ကြသည်။
ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ သီတင်းသုံးတော်မူသော ဂူငယ်များအနီးရှိ
ပုထိုးပျက်တစ်ဆူ
(အထက်ပါပုထိုးပျက်၏အပေါ်ရှိ ကျောက်တုံးငယ်ပေါ်တွင် ဗုဒ္ဓဘုရားရှင်၏ ခြေတော်ရာ
ထင်ကျန်နေကြောင်း တာဂျစ်ဒေသခံများက အစဉ်အလာအားဖြင့် ပြောဆိုလေ့ရှိသည်။)
(အောက်ပုံ)
တာဂျစ်ကစ္စတန်၌ ကြီးမားသော
ဗုဒ္ဓရုပ်ပွားတော်ကြီးအား ပြန်လည်တွေ့ရှိထိန်းသိမ်းခြင်းသည်
ဘာမီယန်ဗုဒ္ဓရုပ်ပွားတော်ကြီးများ
ဖျက်စီးခံရခြင်းအား နှမြောတသ ဖြစ်ကြရသူတို့အတွက် မျှော်လင့်ချက်တစ်ခုဖြစ်လာသည်။
ဗုဒ္ဓရုပ်ပွားတော်ကြီးအား ဖူးတွေ့ခဲ့ရသူ ဒူရှန်ဘီမြို့ရှိ ကုလသမဂ္ဂသံတမန် တစ်ဦးဖြစ်သူ
ဂျပန် အမျိုးသားဟိရိုရှိတာကဟာရီက အဆိုပါ ရုပ်ပွားတော်ကြီးသည် ဗုဒ္ဓဘာသာနှင့်
လူ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ တို့တွင် အကြီးအကျယ်ဆုံး
ရှာဖွေ တွေ့ရှိမှုဖြစ်ကြောင်း မှတ်ချက်ချခဲ့သည်။ ဂျပန်နိုင်ငံနှင့် အခြားသောနိုင်ငံများတွင်
အဆိုပါ ရုပ်ပွားတော်ကြီးအား ကြည်ညိုလေ့လာလိုသူ အမြောက်အမြားရှိကြောင်းလည်း
၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ပြည်တွင်းစစ်၊ မိုးခေါင်ရေရှားပြဿနာ နှင့်
စီးပွားရေးနိမ့်ကျမှုတို့ကြောင့် ကုန်တွင်းပိတ်နိုင်ငံဖြစ်သည်။
တာဂျစ်ကစ္စတန်တွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများကို ဆွဲဆောင်ရန်
များစွာလိုအပ်လျက်ရှိရာ ယဉ်ကျေးမှုပြတိုက်သစ်ဖွင့်လှစ်နိုင်ခြင်းဖြင့်
ဘာသာကြီးသုံးရပ်ကို ကိုးကွယ်ယုံကြည်သူများအပြင် ရှေးဟောင်းအနုပညာနှင့်
သမိုင်းချစ်သူများ၏ ခရီးစဉ်ထဲတွင် တာဂျစ်ကစ္စတန်လည်း
ပါဝင်လာတော့မည်ဖြစ်သည်။
နောက်post တစ်ခုတွင် ကာဇက်စတန်နိုင်ငံ ရဲ့ ဗုဒ္ဓဘာသာအကြောင်းကို တင်ပြပါမည်။
လေးစားလျက်
ဟန်မျိုးမွန်
No comments:
Post a Comment