Friday, 28 February 2014

ဘာမီယံဗုဒ္ဓရုပ်ပွားတော်ကို မည်သူက ဖျက်ဆီးခဲ့ကြသနည်း

"They destroyed his statue but not his teaching."
"သူ့(ဗုဒ္ဓ)ရုပ်တုကို သူတို့(တာလီဘန်တို့)က ဖျက်ဆီးလိုက်ကြတယ်။ ဒါပေမဲ့ သူ့ဓမ္မကိုတော့ သူတို့မဖျက်ဆီးနိုင်။"
ဘာမီယံဗုဒ္ဓရုပ်ပွားတော်နှစ်ဆူသည် အဖဂန်နစ္စတန်နိုင်ငံအလယ်ပိုင်းတွင် တည်ရှိသည်။ ဤရုပ်ပွားတော်ကို ဘာမီယံကျောက်တောင်မှာ ဟာဆရလူမျိုးတို့က အေဒီ (၆)ရာစုတွင် ထုဆစ်ခဲ့ကြခြင်းဖြစ်သည်။ အေဒီ (၆)ရာစုဆိုသည်မှာ အစ္စလာမ်ဘာသာ မွေးဖွားသန့်စင်သည့်ရာစုနှစ် ဖြစ်သည်။ အငယ်တစ်ဆူကို အေဒီ (၅၀၇)၊ အကြီးတစ်ဆူကို အေဒီ (၅၅၄)မှာ ထုဆစ်ခဲ့ကြခြင်းဖြစ်၍ ဂန္ဓာရခေတ်၏ ဂန္ဓာရဟန် ဆင်းတုတော် (၂)ဆူ ဖြစ်သည်။ နားလည်လွယ်အောင် ပြောလျှင် ဗဂိုးမြို့ကို မတည်ထောင်ခင် (၃)နှစ်အလိုမှာ အဆိုပါ ဆင်းတုတော်(၂)ဆူ ရှိနေခဲ့ပြီဖြစ်သည်။
ဘာမီယံဒေသသည် ကမ္ဘာကျော် Silk Road ပေါ်တွင် ရှိ၍ စည်ကားခဲ့မည်မှာ မုချဖြစ်သည်။ အေဒီ (၂)ရာစုမှ စ၍ အစ္စလမ္မစ်တို့ ကျူးကျော်သိမ်းပိုက်လိုက်သည့် အေဒီ(၉)ရာစုအထိ သဗ္ဗတ္ထိဝါဒဂိုဏ်း ထွန်းကားသည့် ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်ခဲ့သည်။ ထိုစဉ်က ရဟန်းများသည် တောင်နံရံများကို ဖောက်၍ ကမ္မဋ္ဌာန်းကျောင်းများ ဆောက်လုပ်ကာ သီတင်းသုံးကြသည်။ သူတို့သီတင်းသုံးရာအနီးတွင် အတောင်(၁၂၁)တောင်နဲ့ အတောင် (၁၈၀) အသီးသီးရှိ ဆင်းတုတော် (၂)ဆူကို ထုဆစ်ကိုးကွယ်ခဲ့ကြခြင်းဖြစ်သည်။ ကုသျှန်မင်းဆက်တွင် တည်ထားခဲ့ကြဖွယ်ရှိသည်။ ဤဆင်းတုတော်အကြောင်းကို တရုတ်ထန်မင်းဆက်သမိုင်း၌လည်းကောင်း၊ လွမ်းမောဖွယ်ရာတူရကီပုံပြင်များ၌လည်းကောင်း ဖော်ပြပါရှိသည်။

အေဒီ (၁၁)ရာစုတွင် မုဟမ္မဒ်ဂဇာနီက အဖဂန်နစ္စတန်နဲ့ အိန္ဒိယအနောက်ပိုင်းကို တိုက်ခိုက်သည့်အခါ ဤဒေသသည် စစ်မက်စစ်ဒဏ်ကို ခံခဲ့ရသကဲ့သို့ အဖျက်အဆီးအနည်းငယ် ဖြစ်ပေါ်ခဲ့သည်။ နဒါရှားက ဤရုပ်ပွားတော်ကို ယင်းခေတ်တွင် သုံးသော အမြောက်ဖြင့် ထုပြီး ဖျက်ဆီးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ အစိတ်အပိုင်းအချို့ကို ဖျက်ဆီးနိုင်ခဲ့ပြီး ကျောင်းကန်အတွင်းရှိ လိုချင်သမျှ ပစ္စည်းပစ္စယများကိုသာ ယူသွားခဲ့သည်။ ထိုစဉ်မှ စ၍ (၂၀)ရာစုအထိ ရုပ်ပွားတော်များသည် အနှောင့်အယှက်မရှိဘဲ နေနိုင်ခဲ့ကြသည်။

အဖဂန်နစ္စတန်တွင် တာလီဘန်တို့ အာဏာရသည့်အခါ အဓိကဝင်ငွေများကို ရှာဖွေပေးသည့် ဤဘာမီယံဒေသရှိဗုဒ္ဓဘာသာရှေးဟောင်းနယ်မြေကို ထိန်းသိမ်းဖို့ စိတ်ကူးရှိခဲ့သည်။ ၁၉၉၉-ခုနှစ်၊ ဇူလိုင်လမှာ တာလီဘန်ခေါင်းဆောင် မူလာ့ မိုဟာမက် အိုမာက ဤဒေသကို ထိန်းသိမ်းဖို့ အမိန့်ဒီဂရီအချို့ကို ထုတ်ပြန်ခဲ့သည်။ " နိုင်ငံတကာခရီးသွားများ လာရောက်ရန် ဆွဲဆောင်နိုင်ပြီး နိုင်ငံတော်အတွက် ဝင်ငွေရရှိဖို့ အရင်းအမြစ်ဖြစ်ကြောင်း၊ ဤရုပ်တုများကို မဖျက်ဆီးဘဲ ထိန်းသိမ်းထားမည်ဖြစ်ကြောင်း" ဖော်ပြပါရှိသည်။

သို့သော် အစ္စလာမ်ဘုန်းတော်ကြီးများသည် အဖဂန်နစ္စတန်တွင် အစ္စလာမ်မဆန်သော အငွေ့အသက်များကို ဖယ်ရှာရေးအတွက် လှုံ့ဆော်ဟောပြောခဲ့ကြသည်။ ဤဘုန်းတော်ကြီးများကို မလွန်ဆန်နိုင်သော တာလီဘန်အစိုးရသည် ရှရီယာဥပဒေတွင် ခွင့်မပြုသဖြင့် ရုပ်တု၊ ဓာတ်ပုံ၊ ရုပ်ပုံများ၊ တေးဂီတ၊ အားကစား၊ ရုပ်မြင်သံကြား အစရှိသည်တို့ကို ပိတ်ပင်တားမြစ်ခဲ့သည်။ ထိုစဉ်က ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီး Qadratullah Jamal က အစ္စလာမ်ဘုန်းတော်ကြီးအပါး (၄၀၀)တို့က ဒေသခံအစ္စလာမ်ဘာသာဝင်များကို ဆန္ဒကောက်ယူကြရာ အများစုက "ဤဗုဒ္ဓရုပ်တုများသည် အစ္စလာမ်ဘာသာနှင့် ဆန့်ကျင်နေကြသဖြင့် ဖြိုဖျက်စေလိုကြောင်း" စစ်တမ်းရရှိခဲ့သည်ဟု ဆိုသည်။

UNESCO ဒါရိုက်တာချုပ် မစ္စတာ Koïchiro Matsuura ၏ အဆိုအရ အဖွဲ့ဝင် (၅၄)နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် OIC အဖွဲ့ကြီးသည် တာလီဘန်အစိုးရအား မေတ္တာရပ်ခံရာတွင် "ဤဗုဒ္ဓရုပ်ပွားတော်ကို ခြွင်းချက်အဖြစ်ဖြင့် ချန်ပေးပါမည့်အကြောင်း" ပြောဆိုခဲ့သည်ဟု ဆိုသည်။ ဤအဖွဲ့ဝင် (၅၄)နိုင်ငံအနက် တာလီဘန်အစိုးရကို အသိအမှတ်ပြုထားသော ဆော်ဒီအရေးဗီယား၊ ယူအေအီနှင့် ပါကစ္စတန်တို့သည်ပင် တာလီဘန်တို့ကို တားမြစ်ခဲ့ကြခြင်းဖြစ်သည်။ တာလီဘန်နှင့် ရန်ဘက်ကဲ့သို့ ဖြစ်သည့် အိန္ဒိယနိုင်ငံသည်ပင် အသနားခံစာ ပေးပို့ခဲ့သည်ဟု ဆိုသည်။ သို့သော် တာလီဘန်သာသနာရေးဝန်ကြီးက ယင်းနိုင်ငံများ၏ တောင်းပန်ချက်ကို ငြင်းပယ်၍ "အစ္စလာမ်သာသနာတော်နှင့်အညီ ဖျက်ဆီးရမည်သာ ဖြစ်ကြောင်း" ပြောကြားခဲ့သည်။

ထို့ကြောင့် တာလီဘန်အစိုးရသည် ၂၀၀၁-ခုနှစ်၊ မတ်လတွင် ဘာမီယံရှိ ဗုဒ္ဓရုပ်ပွားတော်များကို ဖျက်ဆီးရန် အမိန့်ဒီဂရီများ ထုတ်ပြန်ပြီး ဖျက်ဆီးရေးလုပ်ငန်းများကို စနစ်တကျ စီမံဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ လေယာဉ်ပစ်အမြောက်များဖြင့် ရက်ပေါင်းများစွာ ပစ်သည်။ ရုပ်ပွားတော်များမှာ မရှုမလှ ပျက်စီးခဲ့သော်လည်း လုံးဝပြိုကျသွားသည်ကား မဟုတ်သေး၍ ပေါက်ကွဲအားကောင်းသည့် ယမ်းထုပ်များကို သုံး၍ ဖောက်ခွဲခဲ့ကြသည်။ ပြိုကွဲလာသော အပိုင်းအစများကိုပင် ရုပ်ပွားတော်အပေါက်ကြားတွင် ယမ်းများထည့်၍ မှုန့်မှုန့်ညက်ညက် ဖြစ်အောင် ဖောက်ခွဲလိုက်ကြသည်။ မတ်လ (၆)ရက်နှင့် (၇)ရက်နေ့များတွင် တာလီဘန်ခေါင်းဆောင်မူလာ မိုဟာမက် အိုမာက "ဗုဒ္ဓ၏ရုပ်ပွားတော်ကို ဖြိုချဖျက်ဆီးမှုလုပ်ငန်း အောင်မြင်ပြီးစီးပြီဖြစ်ကြောင်း၊ အဖဂန်ပြည်သူများသည် မိမိတို့လုပ်ရပ်အတွက် ဂုဏ်ယူကြရမည်ဖြစ်ကြောင်း၊ အလ္လာသ်အရှင်မြတ်အား ကောင်းချီးသြဘာပေးခဲ့ပြီဖြစ်ပါကြောင်း" မြွက်ကြားခဲ့သည်။ ထိုစဉ်က တာလီဘန်နိုင်ငံခြားရေးဝန်ကြီး Wakil Ahmad Mutawakel က "နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့မှုကို ကလဲ့စားချေသည့်အနေဖြင့် ဖျက်ဆီးခြင်းဖြစ်ကြောင်း" ဦးစွာ ပြော၍ နောင်တွင် "ဤဖျက်ဆီးမှုသည် အဖဂန်နစ္စတန်၏ ပြည်တွင်းဘာသာရေးပြဿနာမျှသာ ဖြစ်သည်"ဟု ဆိုခဲ့သည်။

(ဤသမိုင်းကြောင်းကို ပြန်ဖော်ခြင်းမှာ ဘာသာရေးအဓိကရုဏ်းကို ဖြစ်စေလို၍မဟုတ်။ ဘာမီယံေုဒသရှိ မြတ်ဗုဒ္ဓ၏ ရုပ်ပွားတော်များကို အဓိကဖျက်ဆီးခဲ့သူတို့မှာ အစ္စလာမ်အစွန်းရောက်ဘာသာရေးဆရာများနှင့် တာလီဘန်တို့သာ ဖြစ်ပါကြောင်းသိစေလိုရင်းသာ ဖြစ်သည်)

No comments:

Post a Comment