Monday, 24 February 2014

“နာယကကြီး ဦးဝင်းတင်ကို လက်ဆောင်ပေးလိုက်တဲ့ စာအုပ်လေးပါ”

“နာယကကြီး ဦးဝင်းတင်ကို လက်ဆောင်ပေးလိုက်တဲ့ စာအုပ်လေးပါ”
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
၂၀၀၉ ခုနှစ်မှာရေးပြီး၊ ၂၀၁၂ ခုနှစ်မှာ အွန်လိုင်းပေါ်မှာတင်ကာ၊ ၂၀၁၃ ခုနှစ်မှာ စာအုပ်အဖြစ် ရေးသားထုတ် ဝေခဲ့ပါတယ်။
အရင်တုန်းကလည်း ချစ်ခဲ့သည်။
အခုလည်း ချစ်နေလျက်ပင်။
နောင်လည်း ဆက်လက်ချစ်နေပေဦးမည်။
အရင်တုန်းက ထောက်ခံခဲ့သည်။(နိုင်ငံရေး)
အခုလည်းထောင်ခံဆဲပင်။ (နိုင်ငံရေး)
နောင်လည်းထောက်ခံနေပေဦးမည်။(နိုင်ငံရေး)
အရင်တုန်းက အားကိုးခဲ့သည်။ (အမျိုးသားရေး)
အခု အားမကိုးရဲပါ။ (အမျိုးသားရေး)
နောင် အားကိုးချင်ပါသည်။ (အမျိုးသားရေး)။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
24.2.2014 PM 12:35
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
“နှလုံးသားကို သဖန်းပင်ပေါ်မှာ ထားခဲ့သူ” ဝီရသူ(မစိုးရိမ်)
အေးစေသံနိဒါန်း
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
၂၀၀၉ ခုနှစ်လောက်က ဖြစ်မည်။ ဂျွန်ယက်တောကိစ္စကြောင့် ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ဂေဟာမှာနေ ထိုင်ကာ အမှုရင်ဆိုင်နေရခိုက်ဖြစ်သည်။ ရေဒီယိုနားမထောင်ရ၊ TV မကြည့်ရသော်လည်း သတင်းစာ၊ ဂျာနယ်တော့ဖတ်ရသည်ဟု ကျွန်ုပ်တို့ ကြားသိရ၏။ ဂျာနယ်မှတစ်ဆင့် အားပေးစကားပြောလျှင် ဒကာမကြီး ဖတ်ရနိုင်သည်။ အတန်အသင့်တော့ အားရှိသွားနိုင်သည်။ ဒကာမကြီးကို ရည်ရွယ်ရေးခြင်းဖြစ်ကြောင်း သိသာနိုင်သည်ဖြစ်သောကြောင့် အမည်ကို တိုက်ရိုက်သုံးစွဲခြင်း၊ ပေါ်လစီနှင့် ငြိစွန်းခြင်းမရှိရလေအောင် ပရိယာယ်ဆောင်၍ ရေးသားလျှင်ကား တရားဝင်သုံးစွဲခွင့် ရနိုင်သည်ဟူသော ထင်မြင်ယူဆချက်ဖြင့် စာမူငါးပုဒ် ရေးသားခဲ့ပေသည်။
ကလောင်အမည်ပြောင်းခြင်း၊ နေရပ်လိပ်စာလွှဲခြင်း၊ ကွန်ပျူတာစာစီခြင်းများပြုလုပ်ကာ ဂျာနယ်တိုက်သို့ လိုက်ပို့ပေးသည်။ အစမ်းသဘောဖြင့် သုံးပုဒ်ပေးပို့လိုက်ကာ၊ အသုံးပြုလျှင် ဆက်လက်ပေးပို့ဖို့ အားလုံး ပြင်ဆင်ထားခဲ့ပေသည်။ သို့သော် အရွေးမခံရပေ။ ဖုန်းဆက်မေးခိုင်းသည့်အခါ ဂျာနယ်တွေ အပိတ်ခံနေရ ရသောကြောင့် မထည့်ဝံ့ကြောင်း ပြောဆို၏။
လက်မလျှော့ဘဲ နီးစပ်ရာ NLD များထံသို့ ပို့ခိုင်းပြန်ပါသည်။ ဧရာဝတီမဂ္ဂဇင်းတို့၊ အင်တာနက်တို့မှာ သုံးစေလိုသောကြောင့်ဖြစ်ဒ။ သို့သော် ထူးမခြားနားခဲ့ပေ။
ဆောင်းပါးများကို အိတ်ဖွင့်ပေးစာပုံသဏ္ဍာန်အနေဖြင့် ရေးသားထားခြင်းဖြစ်ပါသည်။ သားတစ်ယောက်က မိခင်ရင်းတစ်ယောက်ထံ ရေးဟန်အတိုင်း ရေးသားထားခြင်းဖြစ်၏။
“မွေးမေထံသို့ အေးစေသံ အိတ်ဖွင့်ပေးစာ” ကဏ္ဍ၊ အခန်းဆက်ဆောင်းပါးများကို ခေါင်းစဉ်ခွဲ၍ ရေးသားနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။
(က) အကြမ်းဖက်မာရ်နတ်၊ အဓမ္မစစ်သည်နှင့်၊ ပါရမီရှင်တို့၏ ခံတပ်ကြီး…..
(ခ) နှလုံးသားကို သဖန်းပင်ပေါ်မှာ ထားခဲ့သူ။
(ဂ) ရုန်းထွက်လို့ လွတ်မြောက်နိုင်ပါစေ။
(ဃ) နေမဝင်ဘုရင်ဖြစ်ချင်သူ။
(င) မေတ္တာထပ်ရစ် ချစ်ထက်ချစ်သူ ဟူ၍ ဆောင်းပါးငါးပုဒ်စီစဉ်ထားကာ ဆက်လက်ရေးသားရန်လည်း အသင့်ပြင်ဆင်ထားခဲ့ခြင်းဖြစ်၏။
တစ်နေ့သောအခါ ဒကာကြီး ဦးအုန်းကြိုင်နှင့် ဒကာတော် ကိုမျိုးနိုင်တို့ စာရေးသူထံ ရောက်လာလေသည်။ စကားစပ်မိ၍ ဤဆောင်းပါးအကြောင်း ပြောမိရာ “ဦးအုန်းကြိုင်က သူ့ဆီပို့ပေးလိုက်ပါ။ ဒီလှိုင်းမှာ ထည့်ပေး မယ်” ဆို၍ ပို့ပေးလိုက်ပေသည်။ ဒီလှိုင်းဂျာနယ်အမှတ်(၄)၌ “ရုန်းထွက်လို့ လွတ်မြောက်နိုင်ပါစေ” ပါခဲ့ဖူး၏။
ဟိုတုန်းက အကျဉ်းထောင်ကို မော်စကိုဟု တင်စားကြ၏။ ယခု အခါ၌ လစ်ဘရယ်လိုလားသူတို့ ဂေဟာ ဖြစ်လေရကား ဝါရှင်တန်ဟု တင်စားကြပြန်ပါသည်။ ဆရာမြသန်းတင့်တို့ကား “နယူးယောက်” ဟု တင်စားကြပြန်၏။ အသစ်တွေရောက်လာလေ့ရှိသာကြောင့် ဖြစ်သည်ဆို၏။ မိမိကား ဝါရှင်တန်းသို့ အလည်တစ်ခေါက် ရောက်ခြင်းဖြစ်သောကြောင့် “ခေတ္တ-ဝါရှင်တန်” ဟု ဝေါဟာရပြုထားခြင်းဖြစ်လေသည်။
မိမိ၏ စာပေလက်ရာများကို တောင့်တနေသော စာဖတ်ပရိသတ်အတွက် နိုင်ငံရေးဆောင်းပါးငါးပုဒ်ကို ပေါင်းစု၍ စာအုပ်ထုတ်ရလျှင်ကား ပို၍ သင့်မြတ်မည်ထင်သောကြောင့် စာအုတ်အဖြစ် ပြင်ဆင်ရခြင်းဖြစ်လေ သည်။ ဆရာငြိမ်းသစ်နှင့်တွေ့၍ မိမိဆန္ဒပြည့်ဝသွားခဲ့၏။ သူက အပြင်အဆင်အတင်အချ အားလုံးတာဝန်ယူ၍ ဆောင်ရွက်ပေး၏။ မိမိကား သူလိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံသာ ရှိလေသည်။ ၄င်း၏သား မြတ်မင်းခန့်က လည်း စာပေးသမားဖြစ်လေရာ ၄င်းတို့သားအဖ၏ စွမ်းဆောင်မှုကြောင့် အရာခပ်သိမ်း အဆင်ပြေသွားမည်သာ ဖြစ်လေသည်။
ဝီရသူ(မစိုးရိမ်)
“အကြမ်းဖက်မာရ်နတ် အဓမ္မစစ်သည်နဲ့ ပါရမီရှင်တို့ရဲ့ ခံတပ်ကြီး”
“ဝီရသူ(မစိုးရိမ်တိုက်သစ်) မွေးမေထံသို့ အေးစေသံ အိတ်ဖွင့်ပေးစာ အမှတ်(၁)”
“တကယ်တော့ ဘဝဆိုတာ
သမုဒ္ဒရာရေမျက်နှာပြင်ပေါ်မှာ
ခဏတာပွက်တဲ့
ရေတစ်ပွက်စာသာဖြစ်ပါတယ်……
မင်းဘဝပဲဖြစ်ဖြစ်
သူဌေးဘဝပဲဖြစ်ဖြစ်
သိပ်ပြီးရေရာလှတာ မဟုတ်ပါဘူး…….။”
“မွေးမေထံသို့ အိတ်ဖွင့်ပေးစာ အမှတ်(၁)၊ အကြမ်းဖက်မာရ်နတ် အဓမ္မစစ်သည်နဲ့ ပါရမီရှင်တို့ရဲ့ ခံတပ်ကြီး”
ချစ်သား နိုင်ငံခြားကိုရောက်နေတာ ကြာပါပြီ။ နိုင်ငံခြားမှာနေရပေမယ့် မွေးမေကိုတော့ မေ့လို့မရပါဘူး။ နိုင်ငံခြားမှာ နေတယ်ဆိုပြီးတော့လည်း မွေးမေ မစိုးရိမ်ပါနဲ့၊ အချိန်နဲ့အိပ်၊ အချိန်နဲ့စား၊ အချိန်နဲ့ အလုပ်လုပ်နေ ရပါတယ်။ မပျက်စီးအောင်လည်း ဘာသာရေးသင်တန်းတွေ အမြဲတမ်းတက်ပါတယ်။ ချစ်သား ဒီအပတ်မှာ ပထမဦးဆုံးအနေနဲ့ မွေးမေထံ ရေးလိုတာက မန်လည်ဆရာတော်ကြီးရဲ့ မျက်မှောက်ခေတ်ကို ထင်ဟပ်စေတဲ့ အဆုံးအမလေးတွေပါ။ ရှေးကျပေမယ့် တွေးရတာ အတော်နက်နဲပါတယ်။
“အကောင်းဆုံး ခံစစည်သည်ပင် အကောင်းဆုံးတိုက်စစ်”
“ပါရမီဖြည့်ခြင်း၊ မပြုလျှင်းဘဲ၊ မာရ်မင်းကြီးပင်၊ ရွှေပလ္လင်ကို၊ လိုချင်အားကြိုး၊ လက်ရုံးကိုး၍၊ စစ်ထိုးလုကာ၊ မရစွာတည့်။” (မဃ။ ၂၅၉)
မဟာသက္ကရာဇ်(၁၀၃) ခုနှစ် ကဆုန်လပြည့်နေ့မှာ ဘုရားလောင်းသိဒ္ဓတ္ထဟာ သဗ္ဗညုတရွှေဥာဏ်တော်ကို ရရှိပြီး ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပါတယ်။ အနှောက်အယှက်ကင်းကင်းနဲ့ အလွယ်တကူ ဘုရားအဖြစ်သို့ ရောက်ရှိတာတော့ မဟုတ်ပါ။ ဘုရားဖြစ်ခါနီး မာရ်နတ်ဖျက်ဆိုတဲ့အတိုင်းပဲ မာရ်နတ်မင်းရဲ့ ဆင်၊ မြင်း၊ စစ်သည် ဗိုလ်ပါ အလုံးအရင်းပါတဲ့ တပ်မတော်ကြီး ချီတက်လာပြီး ဘုရားလောင်းထိုင်တဲ့ ရွှေပလ္လင်ကို လုယူဖို့ လက်နက်မျိုးစုံနဲ့ တိုက်ခိုက်လာပါတယ်။ ဒါပေမဲ့ ဘုရားလောင်းရဲ့ ပါရမီတော် တန်ခိုးအားနုဘော်ကြောင့် ဘုရားလောင်းက တစ်စုံတစ်ရာ မတုန့်ပြန်ရဘဲ မာရ်နတ်ရဲ့ စစ်သည်တွေဟာ အလိုလို နိမ့်ပါးကုန်ကြတာပါပဲ။ စိတ်ဝင်စားစရာကောင်းတာက မာရ်နတ်လာပြီး တိုက်ခိုက်ချိန်မှာ သိဒ္ဓတ္ထဟာ ရသေ့ရဟန်းဘဝ ဘုရားလောင်း ဘဝမှာပဲ ရှိနေပါသေးတယ်။ ဘုရားအဖြစ်သို့ မရောက်ရှိသေးပါဘူး။ မာရ်နတ်မင်းကို အောင်တော်မူတာဟာ လည်း သဗ္ဗညုတဥာဏ်တော်ရဲ့ တန်ခိုးတော်အနန္တ၊ ဘုန်းတော်အနန္တကြောင့် မဟုတ်သေးပါဘူး။ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ဘဝပေါင်းများစွာတွေမှာ ဆည်းပူးခဲ့တဲ့ ပါရမီတော်ရဲ့ တန်ခိုးတော်ကြောင့်သာ ဖြစ်ပါသေးတယ်။
ဘောလုံးစကားနဲ့ပြောရရင် အရံလူတွေနဲ့ပဲ ကစားရသေးတယ်ဆိုတဲ့ သဘောပေါ့။ ဒီနေရာမှာ ချစ်သားနားလည် လိုက်တာက “အကောင်းဆုံးခံစစ်သည်ပင် အကောင်းဆုံးတိုက်စစ်” ဆိုတဲ့ အားကစားဆောင်ပုဒ်ပါပဲ။ ဘုရားလောင်းက မာရ်နတ်နဲ့ အပေါင်းအပါ တပ်မတော်ကြီးရဲ့ ပစ်ခတ်တိုက်ခိုက်မှုမျိုးစုံကို ကိုယ်၊ နှုတ်၊ စိတ် ဆိုတဲ့ ကံသုံးပါးနဲ့ လုံးဝမတုန့်ပြန် မတိုက်ခိုက်ဘဲ တည်ငြိမ်မှုအပြည့်နဲ့ သည်းခံနေလိုက်တဲ့အချိန်မှာ ခံစစ်လုံ တော့ ရန်သူရဲ့ တိုက်စစ်ပြိုကျ ပျက်စီးပြီး ပရမ်းပတာ ထွက်ပြေးသွားရတဲ့ သဘောပါ။ ဘုရားလောင်း သိဒ္ဓတ္ထ၏ ပါရမီတော်ခံတပ်ကြီးရဲ့ စွမ်းရည်ကို မွေးမေ နှလုံးသွင်းနိုင်စေဖို့ အဝေးတစ်နေရာမှ သတိပေးရေးသားလိုက်ရ ခြင်း ဖြစ်ပါတယ်။
မာရ်နတ်ကြီးဟာ ပါရမီမဖြည့်ဘဲ ပါရမီရှင်တွေရဲ့ ရွှေပလ္လင်တော်ကို အချောင်လိုချင်ခဲ့တယ်။ ပြီးတော့ အင်အားသုံး အနိုင်ကျင့် သတ်ဖြတ်လုယူဖို့ အကြမ်းဖက် အားထုတ်ခဲ့တယ်။ နောက်ဆုံးတော့ အချောင်သမား အကြမ်းဖက်မာရ်နတ်ကြီးပဲ စစ်ရှုံးပြေးရ အရေးနိမ့်ခဲ့ရတယ်။ ဒါကို ဆင်ခြင်ကြည်ပါ မွေးမေမေ။
“မွေးကတည်းက လုပ်ကြံခံခဲ့ရသူ”
ဓမ္မပဒလာ သာမာဝတီဝတ္ထုထဲက ဃောသကသူဌေးအကြောင်း မွေးမေ ကြားဖူးမှာပေါ့။ ချစ်သားတော့ သိပ်ကို စိတ်ဝင်စားတာပဲ။ မွေးကင်းစချက်ကြိုးမဖြတ်ခင်ကတည်းကနေ အရွယ်ရောက်တဲ့အထိ ခုနှစ်ကြိမ်တိုင်တိုင် စွန့်ပစ်ခံခဲ့ရ၊ လုပ်ကြံခံခဲ့ရတယ်။ ပြောရရင် ဃောသကဟာ ပြည့်တန်ဆာမရဲ့ သားအရင်းပါ။ ပြည့်တန်ဆာမက သားယောက်ျားလေး မလိုချင်လို့ အမှိုက်ပုံထဲမှာ စွန့်ပစ်ခဲ့တာပါ။ နောက်ခြောက်ကြိမ်ကတော့ မွေးစားဖခင် ကိုယ်တိုင်က ဃောသကလေးကို အသေသတ်ဖို့ လုပ်ကြံခဲ့တာပါ။
အဖြစ်က ဒီလိုပါ။ ကောသမ္ဗီမြို့မှာ သူဌေးကြီးတစ်ယောက်ရှိပါတယ်။ သူဌေးကြီးမှာလည်း ကိုယ်ဝန်အရင့်အမာ လွယ်ထားရတဲ့ သူဌေးကတော်ကြီးတစ်ယောက်ရှိပါတယ်။ ဂြိုလ်သွားဂြိုလ်လာ နက္ခတ်အနေအထားအရ ဒီကနေ့ မွေးမယ့်ကလေးဟာ သေချာပေါက် သူဌေးကြီးဖြစ်လိမ့်မယ်လို့ ဗေဒင်အဟော ထွက်ထားပါတယ်။ ဒါကြောင့် သူဌေးကြီးဟာ သူဌေးကတော်ကြီး ဒီကနေ့ မီးဖွားပါစေ ဆုတောင်းပြီး စောင့်ကြည့်ခဲ့ပါတယ်။ မီးမဖွားခဲ့ပါဘူး။ ဒီအခါ သူဌေးကြီးက မြို့ထဲလှည့်ပြီး လိုက်ကြည့်ခိုင်းပါတယ်။ အဲဒီမှာတင် ဃောသကလေးရဲ့ သတင်းကိုကြားရပြီး ဃောသကလေးကို အမှိုက်ပုံထဲကနေ ကောက်ယူမွေးစားတဲ့ လူတစ်ယောက်စီက ငွေတစ်ထောင်ပေးပြီး ဝယ်ယူမွေးစားလိုက်ပါတယ်။ ရည်ရွယ်ချက်က သူဌေးကတော်ကြီး မီးဖွားရာမှာ သမီးလေးဖြစ်ရင် ဃောသကလေးနဲ့ ပေးစားမယ်။ သားလေးဖြစ်ရင် ဃောသကလေးကို သတ်ပစ်မယ်ဆိုတဲ့ အကြံနဲ့ပါ။ သားလေးမွေးတာနဲ့ ဃောသကလေးကို ဘာလို့ သတ်ပစ်ရမှာလဲဆိုတော့ သူဌေးလောင်း နှစ်ယောက်မရှိစေချင်လို့၊ သားအရင်းကို သူဌေးဖြစ်စေချင်လို့ပါ။
ဒီလိုနဲ့ သူဌေးကတော်ကြီးက သားယောက်ျားလေးလည်း မီးဖွားရော ဃောသကလေးကို စတင်လုပ်ကြံတော့ တာပဲ။ ပထမ နွားခြံဝမှာ စွန့်ပစ်ထားတယ်။ နွားနင်းမိပြီး သေအောင်လို့ပါ။ ဒါပေမဲ့ နွားလားကြီးတစ်ကောင်က ကားယားခွမိုးပြီး ကာကွယ်ပေးထားလို့ လွတ်မြောက်သွားခဲ့ပါတယ်။
နွားကျောင်းသားဆီက ငွေတစ်ထောင်နဲ့ဝယ်ပြီး လှည်းလမ်းကြောင်းမှာ ပစ်ထားခဲ့ပါတယ်။ လှည်းနင်းပြီး သေအောင်လို့ပါ။ ကလေးမြင်တော့ နွားကမသွားဘဲနေရာမှ လှည်းသမားက ကောက်မွေးစားလိုက်လို့ လွတ်သွားပြန်ပါတယ်။ ဒုတိယ အကြိမ်ပေါ့။
အဲဒီနောက် လှည်းသမားဆီက ငွေတစ်ထောင်နဲ့ ပြန်ဝယ်ပြီး သုသာန်ချုံပုတ်ထဲမှာ ပစ်ထားလိုက်ပါတယ်။ ခွေးတို့ ဘီလူးတို့ အစားခံရပြီး သေအောင်လို့ပါ။ ဆိတ်ကျောင်းသားက ကောက်ယူမွေးစားလို့ လွတ်သွားပြန်ပါ တယ်။ တတိယအကြိမ်ပေါ့။
နောက်တစ်ခါ ပြန်ဝယ်ပြီး တောင်ပေါ်ကနေ ပစ်ချလိုက်ပါတယ်။ ဃောသကလေးဟာ ဝါးချုံဝါးရုံပေါ်ကျပြီး၊ ဝါးခုတ်တောင်းသူတွေလက်ထဲ အသက်မသေဘဲ ရောက်သွားပြန်ပါတယ်။ စတုတ္ထအကြိမ်ပေါ့။
ဒီလိုနဲ့ ဃောသကလေး ဆော့ကစားတတ်တဲ့အရွယ် ရောက်လာပါတယ်။ သူဌေးကြီးက လုံးဝကြည့်မရ၊ မျက်စိစပါးမွေးစူးသလို ဖြစ်နေလို့ ဃောသကလေးကို လုပ်ကြံဖို့၊ မကောင်းကြံဖို့ အမြဲအားထုတ်နေပါတယ်။ အိုးထိန်းသည်နဲ့ပေါင်းပြီး အိုးထိန်းစက် မီးဖိုထဲထည့်ဖို့ စီစဉ်ပါတယ်။ အိုးထိန်းသည်က ဃောသကနဲ့မှားပြီး သားအရင်းကို သတ်မိသွားပါတယ်။ မှားပုံကတော့……သူဌေးကြီးက ဃောသကကို အိုးထိန်းသည်ထံ သွားခိုင်း ပါတယ်။ ဃောသကကလည်း ခိုင်းတဲ့အတိုင်းသွားပါတယ်။ အိုးထိန်းသည်ထံမရောက်ခင်မှာ သားအရင်းဖြစ် သူက “ညီငယ် ဒိုးပစ်တာရှုံးနေလို့ ညီငယ့်အစား ဝင်ကစားပေးပါ။ အစ်ကိုကြီးအစား အိုးထိန်းသည်ထံ ညီငယ်ပဲ သွားလိုက်ပါမယ်” ဆိုပြီး လူစားလဲရာမှာ မှားသွားတာပါ။ သူဌေးကြီးလည်း သိရော အပူတပြင်းလိုက်ပါသေး တယ်။ မမီတော့ပါဘူး။ အိုးထိန်းသည်အလုပ်က ခိုင်းတဲ့အတိုင်း သူ့ဆီရောက်လာသူကို သတ်ရမယ့်အလုပ် မဟုတ်လား။ ဃောသကလေး ပဉ္စမအကြိမ် ပွတ်သီကတ်သီလေး လွတ်မြောက်သွားပြန်ပါပြီ။
ဆဋ္ဌမအကြိမ်မှာတော့ အရွယ်ရောက်ပါပြီ။ သူဌေးကြီးက သူ့မိတ်ဆွေ တောသူဌေးထံစာရေးပြီး “ဃောသကကို သတ်ပြီး အိမ်သာကျင်းထဲ ထည့်ပစ်ဖို့” မှာလိုက်ပါတယ်။ ဃောသကလေးက စာမဖတ်တတ်တော့ သူ့ကို သေကြောင်းကြံစည်တဲ့စာကိုယူသွားပါတယ်။ တောသူဌေးရဲ့ သမီးက ရှေးရေစက်ကြောင့် ဃောသကကို မေတ္တာရှိရာမှ စာဖတ်မိပြီး စာကို ပြင်ရေးလိုက်ပါတယ်။ “ဒီစာယူလာသူ ငါ့သားဃောသကကို အဆွေတော် သမီးနဲ့ ပေးစားပြီး ကောင်းကောင်းမွန်မွန်၊ မွေးမြူစောင့်ရှောက်လိုက်ပါ” လို့ ပြင်ရေးလိုက်တာပါ။ တောသူဌေး လည်း တကယ်မှတ်ပြီး သူ့သမီးနဲ့ ပေးစားလိုက်ပါတယ်။ ဃောသကလေး ဆဋ္ဌမအကြိမ် သေဘေးမှ လွတ်မြောက်သွားပြန်ပါပြီ။
သူဌေးကြီးလည်း သားအရင်းကို သတ်မိရာမှစ၍ ဝမ်းနည်းပက်လက်နဲ့ ပူဆွေးသောကရောက်ပြီး ဃောသက အပေါ် မကောင်းကြံတဲ့စိတ်တွေနဲ့ပဲ သေသွားခဲ့ပါတယ်။ ဃောသကလေးကတော့ သူ့ဇနီးရဲ့ ကျေးဇူးကြောင့် သူဌေးကြီးရဲ့ တစ်ဦးတည်းသော သားအဖြစ်နဲ့ အမွေဆက်ခံရပြီး သူဌေးဘွဲ့ခံ ထီးဖြူဆောင်းခွင့် ရသွားပါတော့ တယ်။
ခံတပ်လုံခြုံပြီး ရန်သူကို ဖြုံစရာမလိုဘူးဆိုတာရယ်၊ ခံတပ်လုံခြုံဖို့အတွက် အင်းအားကြီးတဲ့ အကြောင်း အထောက်အပံ့တွေ ပြည့်စုံဖို့လိုတယ်ဆိုတာရယ်ကို ဃောသကလေးက သက်သေပြသွားပါတယ်။
ဒါကိုရည်ရွယ်ပြီး မန်လည်ဆရာတော်ကြီးက ခုလို မိန့်ဆိုတော်မူခဲ့ပါတယ်။
“ဘဝရှေးက၊ ပုညအားကြိုး၊ ကြမ္မာမျိုးနှင့်၊ ကောင်းကျိုးပေးလို၊ ဤလူ့ကိုယ်၌၊ ကုသိုလ်ဥပထံ၊ အခံတရား၊ ကံကြီးမား၍၊ ကောင်းစားမည့်သူ၊ ဖြစ်ဘိမူကား၊ ထိုသူထင်ရှား၊ မကောင်းစားဘဲ၊ မသေမဲတည့်၊ ဆင်းရဲတစ်ဆစ် ခိုက်တန့်ဖြစ်လည်း၊ မနစ်မနာ၊ ဒုက္ခကွာ၍ ချမ်းသာစေသား၊ ထိုယောက်ျားကို၊ သိကြားမရမည်သာတည်း” (မဃ။ ၂၄၉)
ဒီကဗျာမှာ ကုသိုလ်ဥပထံဆိုတာ အားကြီးတဲ့ ကုသိုလ်ကံ အထောက်အပံ့ကို ဆိုလိုတာပါ။ ဃေသကကိုရည် ရွယ်ပြီး “ထိုယောက်ျားကို” လို့ စပ်ဆိုတာပါ။ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ဘုန်းရှင်ကံရှင် ပါရမီရှင်ဖြစ်ရင် သိကြားမကို မရမယ်။ သူဌေးဖြစ်ရမယ့်ကံပါရင် သူဌေးဖြစ်ကို ဖြစ်ရမယ်။ သူဌေးမဖြစ်ဘဲ လုံးဝ မသေစေရဘူး။ မင်းဖြစ်ရမယ့်ကံပါရင် မင်းဖြစ်ကိုဖြစ်ရမယ်။ မင်းမဖြစ်ဘဲ လုံးဝမသေစေရဘူး။ မဖြစ်ခင်စပ်ကြားမှာ ဒုက္ခခံစား ရရင်လည်း အခိုက်အတန့်သာ ခံစားရမှာပါတဲ့။
ဒီနေရာမှာ ချစ်သားသိလိုက်တာက ယာယီရှုံးနိမ့်ရုံ၊ ယာယီဒုက္ခခံစားနေရရုံနဲ့ ဘဝကို ပုံသေမတွက်မိဖို့ မန်လည်ဆရာတော်ကြီးက နည်းပေးလမ်းညွှန်လိုက်တာပါပဲ။ ဒါကို မွေးမေသတိရစေဖို့ အမှတ်တရ ပြန်ပြောနေ တာပါ။
“ရေပွက်ပမာ ဘဝတာ”
ဒီနေရာမှာ ဘုရားလက်ထပ်က ကောသမ္ဗီသူဌေးလောင်း ဃောသကလိုပဲ ချစ်သားတို့ ပုဂံမှာလည်း အနော်ရထာ လက်ထက်တုန်းက မင်းလောင်းကျန်စစ်သား လုပ်ကြံခံခဲ့ရတယ်မဟုတ်လား။ အဲဒါကို မန်လည် ဆရာတော်ကြီးက ခုလို မိန့်တော်မူခဲ့ပါတယ်။
“မင်းလောင်းတစ်ယောက်၊ ပေါ်မည်ကြောက်၍၊ အထောက်မတန်၊ ပြစ်လေးလွန်အောင်၊ ကိုယ်ဝန်ဝမ်းတွင်း၊ ပုခက်တွင်းက၊ ငယ်သင်းနွားကျောင်း၊ များအပေါင်းကို၊ အကြောင်းမသင့်၊ သတ်စေလင့်သည် မင်းကျင့်မရေ ရာတည်း။” (မဃ။ ၂၃၆)
တကယ်တော့ ဘဝဆိုတာ သမုဒ္ဒရာ ရေမျက်နှာပြင်ပေါ်မှာ ခဏတာ ပွက်တဲ့ ရေတစ်ပွက်စာသာ ဖြစ်ပါတယ်။ မင်းဘဝပဲဖြစ်ဖြစ်၊ သူဌေးဘဝပဲဖြစ်ဖြစ် သိပ်ပြီး ရေရာလှတာ မဟုတ်ပါဘူး။ ဒါကြောင့် မိုးကောင်းတုန်း လှိမ့်ပြီး မရွာစေဖို့ မန်လည်ဆရာတော်ကြီးက ဆုံးမလိုတာ ဖြစ်မှာပါ။
“မုန်တိုင်းနောက်က လေပြည်လေညင်း”
ချစ်သားက မဃဒေဝ လင်္ကာသစ်ကြီးကို Major တစ်ခုအဖြစ်ယူပြီး လေ့လာနေတာမို့ တစ်ပုဒ်ပြီးတစ်ပုဒ် ထုတ်ပြနေမိတာပါ။
“ကုသိုလ်ဥပထံ၊ ကြောင်းခံကြီးဘိ၊ ကံရှိသူကား၊ သေဘေးငြားလည်း၊ နတ်များစောင်မ၊ မသေရဘူး၊ ပုညစေတနာ၊ မဟာသဟာယ်၊ မျိုးသူကြွယ်လျှင်၊ ကိုယ်ဝယ်မကွာ၊ ထပ်ကြပ်ပါ၍၊ ချမ်းသာသုခ၊ ဘောဂသီရိ၊ အလိုရှိတိုင်း၊ ယထိစ္ဆိတံ၊ ကြံကြံသမျှ၊ ချီးထောက်မ၏။” (မဃ။ ၂၅၃)။
ဃောသကဟာ အတိတ်ဘဝတုန်းက ခွေးကလေးတစ်ကောင်ဖြစ်ခဲ့တယ်။ ခွေးဘဝတုန်းက အိမ်ကိုကြွလာတဲ့ ပစ္စေကဗုဒ္ဓါကို အလွန်ကြည်ညိုခဲ့တယ်။ အိမ်ကြွလာရင် ခရီးဦးကြိုဆိုတယ်။ ပြန်ကြွသွားရင် လိုက်ပို့တယ်။ တစ်ခါတစ်ရံ ခွေးကလေးက တောထဲအထိ အသံပေးပြီး ပစ္စေကဗုဒ္ဓါကို သွားပင့်တယ်။ အသွားအပြန် ခရီး တစ်လျောက်မှာလည်း တောကောင်၊ တောကြောင်တွေ ကင်းအောင်ဟောင်ပြီး မောင်းထုတ် ရှင်းလင်း ပေးတယ်။ အဲဒီကုသိုလ်ကံကြောင့် ဃောသကလေးကို ဘယ်လိုမှ သတ်လို့ မရတာပါ။ အဲဒါကို မဟာသဟာယ်=တကယ့်မိတ်စွေအစစ်၊ တကယ့်ဆွေမျိုးအစစ်လို့ ဆိုတာပါ။
ဒီကုသိုလ်စေတနာက ကိုယ်နှင့် ထပ်ကြပ်မကွာ လိုက်လံစောင့်ရှောက် အကာအကွယ်ပေးနေလို့ စည်းစိမ်ဥစ္စာ တွေဟာ ယထိစ္ဆိတံ အလိုရှိသမျှ ပြည့်စုံနေရပါတယ်လို့ ဆိုတာပါ။
မုန်တိုင်းပြီးရင် လေပြည်လာစမြဲဆိုတဲ့အတိုင်း ဘဝတစ်လျှောက်လုံး လုပ်ကြံခံရလို့ အပြီးမှာတော့ ဃောသက သူဌေးကြီးဖြစ်ခဲ့တာပဲ မဟုတ်လား။ ဒါကြောင့် ကုသိုလ်ကံဟာ အားကိုးထိုက်တဲ့ တကယ့် မိတ်ဆွေစစ်ဖြစ်တယ် လို့ ဆိုလိုတာပါ။ မွေးမေလည်း အားမငယ်ပါနဲ့၊ မုန်တိုင်းကြီးက ပြီးသွားတော့မှာပါ။ လေပြည်လေညင်းလေး တွေ လာတော့မှာပါ။
မဃဒေဝလာဆိုခဲ့ပါ ကဗျာစာပိုဒ်များအရ အကောင်းဆုံးခံစစ်ဖြစ်အောင် အတွင်းအားတွေ ပြည့်ဝနေဖို့ လိုအပ်ပုံ၊ သူဌေးကြီး အနော်ရထာတို့ရဲ့ ဝန်တိုတဲ့ စိတ်ထားမျိုးကို သံဝေဂယူသင့်ပုံ၊ ဃောသကနှင့် ကျန်စစ်သားတို့ရဲ့ ပါရမီခံတပ်နှင့် ကုသိုလ်သည်သာ အားကိုးရာအစစ် မိတ်ရင်းဖြစ်ပုံကို ချစ်သားသိလိုက်ရပါတယ် မွေးမေရယ်။ ဘာသာတရားတစ်ခုကို ခြေခြေမြစ်မြစ် လေ့လာရတ့ အကျိုးလို့ဆိုရမှာပေါ့။ ချစ်သားရေးတဲ့စာတွေဟာ မွေးမေအတွက် အားဆေးတွေဖြစ်ပါစေလို့ တောင်းဆုပြုရင်း…..
မွေးမေချစ်တဲ့ ချစ်သားထွေး
(ခေတ္တ-ဝါရှင်တန်)

No comments:

Post a Comment