လူတိုင်းမှာ လိုအင်ဆန္ဒတွေ ရှိကြတယ်။ ဒီလိုအင်ဆန္ဒတွေလဲ ပြည့်ချင်ကြတယ်။ ဘာလုပ်ရမလဲဆိုတာ တရားတော်မှာ အဖြေရှိပါတယ်။သဒ္ဒါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ ဒီငါးဖြာပါ။
သဒ္ဒါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ပတ္တနာ လို့လဲ ခြောက်ပါး ဆိုပါတယ်။ အတူတူပါပဲ။ ပတ္တနာက ဆုတောင်းခြင်း၊ ဦးစွာပထမ အချက်ငါးချက်နဲ့ ပြည့်စုံပြီးရင် ပတ္တနာဆိုတဲ့ ဆုတောင်းဆန္ဒပြု စိတ်ညွှတ်ခြင်းကိုလဲ ပြုရပါမယ်။ ဆိုလိုတာက သူတော်ကောင်းဥစ္စာ ခုနစ်ပါးထဲက ငါးပါး ပြည့်စုံရင် လိုရာဆန္ဒကို ပတ္တနာ ပြုလိုက်ပါက ရပါတယ်။ရတနာသုံးပါးအပေါ်၊ ကံ ကံ၏ အကျိုးအပေါ် ယုံကြည်မှု သဒ္ဒါတရား ဦးစွာ ရှိရပါမယ်။ ကောင်းတာလုပ်ရင် ကောင်းကျိုးပေးမယ်ဆိုတဲ့ ကံကံ၏ အကျိုးကို၊ တစ်နည်း တရားတော်ကို မယုံဘဲ ဆုတောင်းနေလို့တော့ ဒီအချက်နဲ့ အရင်ဆုံး လွဲနေပါပြီ။
သီလ။ အနည်းဆုံး ငါးပါးသီလတော့ နိုင်အောင်ထိန်းပါ။ ငါးပါးလုံး မနိုင်ရင်တောင် နိုင်ရင် နိုင်သလောက် သီလက လူကို ပြန်စောင့်တာ သက်သေတွေ ရှိပါတယ်။ ငါးပါးလုံး ထိန်းနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ အခက်အခဲ ကြုံလာရင် သစ္စာဆိုပြီး အခက်အခဲက လွတ်အောင် ရုန်းရမှာဆိုတော့ သစ္စာ အစွမ်းထက်ဖို့လဲ မုသာဝါဒကို ရှောင်ကြဉ်ဖို့ အရေးကြီးပါတယ်။ ငါးပါးသီလမှာ အခက်ခဲဆုံးလို့ ပြောကြတဲ့ မုသာဝါဒကိုတောင် ထိန်းနိုင်ရင် ကျန်တဲ့ ကံတွေလဲ ထိန်းနိုင်မှာပါပဲ။ ဒီတော့ ငါးပါးသီလကို ကြိုးစား ထိန်းကြပါ။
ဗြဟ္မစရိယ သီလဆိုတဲ့ မေထုန်မှုကိုငါ ရှောင်ကြဉ်ရင် ပိုမွန်မြတ်တဲ့ သီလ ဖြစ်ပါတယ်။ ဥပုသ်စောင့်မှ ဗြဟ္မစရိယသီလ ထိန်းရမယ်လို့ တစ်ချို့ အမှတ်လွဲနေနိုင်တယ်။ သီလဆိုတာ ထိန်းနိုင်လေ မြတ်လေပါပဲ။ ငါးပါးသီလကိုပဲ ဗြဟ္မစရိယ သိက္ခာပုဒ်နဲ့ စောင့်ထိန်းလို့ ရပါတယ်။
သီလမှာ ငါးပါးမက ထိန်းနိုင်လို့ ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါး စသဖြင့် ထိန်းရင်ရော။ ဒါဆို အတိုင်းထက်အလွန် မွန်မြတ်သွားတာပေါ့။ နေ့စဉ် ထိန်းနိုင်ရင် နေ့စဉ်ထိန်း၊ တစ်ပတ်တစ်ကြိမ်၊ နှစ်ပတ်တစ်ကြိမ်၊ လပြည့်လကွယ် စသဖြင့် မိမိတို့ စိတ်ထက်သန်သလောက် ထိန်းလို့လဲ ရပါတယ်။ တစ်ချို့က ညစာမစားဘဲ မနေနိုင်လို့ ရှစ်ပါးသီလ စောင့်ဖို့ ခက်တတ်ပါတယ်။ ဒီသိက္ခာပုဒ်ကို ချန်ပြီး စောင့်ရင် ကောင်းပါ့မလား တွေးပူကြတယ်။
ငါးပါးသီလနဲ့ ချိန်ထိုးကြည့်ရအောင်။ ငါးပါးသီလကို ငါးပါးလုံး မထိန်းနိုင်သေးတဲ့ လူတစ်ယောက်ဟာ ငါးပါးလုံးမှ မနိုင်ရင် ငါ တစ်ခုမှ မထိန်းတော့ပါဘူးလေဆိုပြီး သူ့အသက်သတ်၊ သူ့သားမယားဖျက်ဆီး၊ သူများပစ္စည်းခိုး၊ သောက်စား လိမ်ညာနေရင် သွားရော့ပဲ။ မှောဘီဆရာသိန်းကြီးရေးတဲ့ ရှေးလူကြီးတွေ အကြောင်းမှာ ဖတ်ဖူးပါတယ်။ လူကြီးတစ်ယောက်ဟာ အရပ်ထဲက လူငယ်တွေကို မင်းတို့ ငါးပါးသီလလုံး မထိန်းနိုင်ရင် သူ့အသက် မသတ်နဲ့၊ သူ့သားမယား မဖျက်ဆီးနဲ့၊ မခိုးနဲ့ ဆိုပြီး သုံးပါးကို အရင်ထိန်းဖို့ မုန့်ဖိုးပေးပြီး ဆုံးမသတဲ့။ လူငယ်တွေဆိုတော့ အသောက်အစားလဲ မကင်း၊ အလိမ်အညာလဲ မကင်းနိုင်သေးကြရင် ငါးပါးလုံး ထိန်းဖို့ ပြောရင် မလိုက်နာကြမှာစိုးလို့ နိုင်ရာက စထိန်းဖို့ စည်းရုံးတာပါ။
ရှစ်ပါးသီလကိုလဲ ညနေစာ စားတဲ့ အကျင့်ဖြစ်နေတဲ့ လူတွေ ဝမ်းမီးကောင်းတဲ့ လူတွေမှာ အကျင့်မဖြစ်သေးခင် အခက်အခဲ ရှိကြပါတယ်။ ရှစ်ပါးလုံး အပြည့်အစုံ ထိန်းနိုင်ရင် ပိုကောင်းပေမယ့် မလုပ်နိုင်သေးဘူးဆိုရင် ကျန်တဲ့သိက္ခာပုဒ်တွေကနေ အကျင့် လုပ် ကြိုးစားသင့်ပါတယ်။ ယောက်ျားတွေဆိုရင် မိတ်ကပ်တွေ၊ ပေါင်ဒါတွေ နှုတ်ခမ်းနီတွေလဲ လူးစရာမလိုတော့ မာလာဂန္ဒ သိက္ခာပုဒ်က ထိန်းနိုင်ပြီးသားပဲ။ သီချင်းဆိုတာ နားထောင်တာကို အဲဒီနေ့ ရှောင်လိုက်ရင် ဘာမှ အပန်းမကြီးပါဘူး။ မြင့်သောနေရာ မြတ်သောနေရာ ရှောင်တာကလဲ တကယ်တော့ ဘာမှ မခက်ပါဘူး။ မွေ့ရာနဲ့ မဟုတ်ရင် မအိပ်တတ်ဘူးဆိုတဲ့လူတွေ တကယ် အိပ်မောကျသွားရင် ဘာမှ သိတော့တာမှ မဟုတ်ပဲ။ ဒီစည်းကမ်းတွေကို ရသလောက် နိုင်သလောက် ထိန်းသွားရင် ဥပေါသထသီလ ကုသိုလ်တွေ တိုးပြီးရင်း တိုးနေမှာပါ။
သုတ - အကြားအမြင်များမှု သုတနဲ့ ပြည့်စုံဖို့က တရားကို နာကြား မှတ်သား ကျင့်ကြံ ဒီနည်းနဲ့ ဖြည့်တင်းနိုင်ပါတယ်။ သုတ မရှိရင် သေခြင်းကင်းရာ ကောင်းကင်ဘုံ ရောက်ရပါလို၏ဆိုပြီး မဖြစ်နိုင်တဲ့ ဆုတွေ တောင်းမိတော့ မပြည့်နိုင်တော့ဘူးပေါ့။ ကုမရတဲ့ ရောဂါ ကျွမ်းနေတဲ့ ဆရာဝန်တွေက လပိုင်းပဲလို့ လက်မြှောက်ထားတဲ့ ရောဂါသည် ချစ်သူနဲ့ လက်ထပ်ပြီး ဒီလင်ဒီမယား အိုအောင်မင်းအောင် ပေါင်းရပါလို၏ ဆုတောင်းရင်လဲ သုတ မပါတော့ ဆုတောင်း မပြည့်နိုင်တော့ဘူးပေါ့။
စာဂ- ပေးကမ်းစွန့်ကြဲ လှူဒါန်းမှု။ ဒါလဲ အရေးကြီးပါတယ်။ ကိုယ့်ဆန္ဒတွေ ပြည့်ချင်ရင် သူများဆန္ဒလိုအင်ကို ဖြည့်ဆည်းပေးဖူးတဲ့ အကျင့် ရှိရမယ်။ ဆွမ်းလိုအပ်တဲ့ သံဃာတော်တွေကို ဆွမ်းလှူဖူးတာ၊ ကျောင်းယိုယွင်းနေတဲ့ သံဃာတော်တွေကို ကျောင်းလှူ မတတ်နိုင်ရင် ခွန်အားစိုက်ပြီး အမိုးအကာ ပြုပြင်ပေးဖူးတာ၊ သင်္ကန်းချို့ငဲ့တဲ့ သံဃာတွေကို သင်္ကန်းလှူတာ။ ဂီလာန သံဃာတွေကို ဆေးလှူတာ။ ဒါတွေဟာ ကိုယ အရေးကြုံလာချိန်မှာ ပြန်အားထားရမယ့် စာဂ တွေပါပဲ။ သံဃိကဒါနဟာ အင်မတန် အကျိုးများလို့ သံဃိကဒါနကို ဦးစားပေး ပြောရတာပါ။ အိုမင်းသူတွေ၊ လူမမာတွေ။ မစွမ်းမသန်သူတွေ၊ ဆင်းရဲသားတွေ ဒါတွေကို လိုအပ်တဲ့နေရာ လိုအပ်သလို ပညာနဲ့ ယှဉ်ပြီး လှူသမျှဟာ မွန်မြတ်တဲ့ စာဂပါပဲ။
ပညာ- ဒါကလဲ မရှိမဖြစ် အရေးပါပါတယ်။ ပညာ မရှိရင် ဘိန်းစားကို ဘိန်းသွားလှူတာမျိုး။ လူငယ်လေးတွေကို စိတ်ချမ်းသာပါစေ ပျော်ပါစေဆိုပြီး အရက် လှူမိတာမျိုး ဖြစ်တတ်တယ်။ တစ်ဖက်လူကို ဖျက်ဆီးရာရောက်တဲ့ အလှူမျိုး။
အမဲလိုက်ချင်တဲ့လူကို လေးမြားသေနတ် လှူတာမျိုး။ တစ်ဖက်လူ အလိုပြည့်ပေမယ့် သူ့မှာလဲ ပါဏာတိပါတ အကုသိုလ် ဖြစ်စေမယ့် တောထဲက သားကောင်လေးတွေလဲ သေကြေပျက်စီးစေမယ့် အကျိုးမဲ့ ဒါနမျိုးပါ။ နောက် ကိုကြီးကျော်တို့၊ မင်းကြီးမင်းလေးတို့ကို လှူတာမျိုး။ နတ်ကွန်းတွေ ဆောက်ပြီး သာသနာပြုတယ်လို့ ထင်မိမှားတာမျိုးတွေ။ ဒီလို ဒါနအလွဲတွေ မဖြစ်ဖို့က ပညာ အရေးပါပါတယ်။ ပညာ အားနည်းရင် သုတ အားနည်းသလိုပဲ ဆုတောင်းကလဲ မပြည့်နိုင်တဲ့ အလွဲ ဖြစ်တတ်ပါတယ်။ ကိုယ့်မှာ သီလ စာဂ သဒ္ဒါ ပြည့်စုံနေပေမယ့် စာတစ်လုံးမှ မကြည့်တဲ့သား တစ်ပြည်လုံး ပထမ ရပါစေ ဘေးကကူ ဆုတောင်းပေးရင် ဘယ်ပြည့်မလဲ။ ကိုယ့်ကံ ကိုယ့်မှာသာ အကျိုးပေးမယ်၊ သူများကံ သူများမှာ အကျိုးပေးမှာကိုး။ သားလုပ်သူရဲ့ ကံဥာဏ်ဝီရိယကို ဘေးလူအနေနဲ့က တွန်းပေး ပံ့ပိုးပေးရုံသာ ရတာပါ။
ဒီငါးချက်နဲ့ ပြည့်စုံသူဆိုရင် လိုရာဆုတောင်း ပြည့်ပါတယ်။ သီလ ရှိသူဆိုတော့ တောင်းတဲ့ဆုက သူများအကျိုး ပျက်စီးကြောင်း အဘိဇ္ဈာယှဉ်တဲ့ ဆုတွေ မတောင်းတော့ဘူး။ ပေးကမ်းစွန့်ကြဲလှူဒါန်းမှု စာဂ ရှိနေတော့ သူတစ်ပါး လိုအပ်ရာ လှူတန်းတဲ့ အကျင့်ရှိထားသူဟာ သူ လိုရာလဲ ရနိုင်တဲ့ အကြောင်းရင်း ရှိနေပြီ။ သုတ ရှိတော့ မဖြစ်နိုင်တဲ့ ဆုတွေလဲ မတောင်းတော့ဘူး။ သဒ္ဒါ ပညာပြည့်စုံရင် ကြံစည်တာတွေကလဲ သမ္မာသင်္ကပ္ပ ကောင်းသော ကြံစည်မှုတွေ ဖြစ်နေပြီ။ ကောင်းသော လိုအင်ဆန္ဒတွေ ဖြစ်နေပြီ။ ဒီတော့ ပတ္တနာ ပြုလိုက်ရင် လိုရာဆန္ဒ ပြည့်စုံပါတယ်။
ဒီအင်္ဂါငါးရပ် ပြည့်စုံသူတွေအတွက် ဆုတောင်းတယ်ဆိုတာ ကိုယ့်မှာ ရှိတဲ့ ငွေနဲ့ ရနိုင်တဲ့ ပစ္စည်းကို ယူလိုက်တာပါပဲ။ ဆုမတောင်းပဲ ပြင်းပျတဲ့ ဆန္ဒ မဖြစ်ဘဲ ဖြစ်လိုရာဖြစ် မျှောနေရင်တော့ ဒုက္ခက ဘယ်လွတ်ပါ့မလဲ။ ဒီအင်္ဂါငါးရပ် ပြည့်စုံသူတွေမှာတောင် စိတ်ဆင်းရဲ စိတ်အားငယ်နေတဲ့အခါ စိတ်ထဲမှာ ဘာဆန္ဒမှ မယ်မယ်ရရ မရှိတော့ဘဲ ဖြစ်လိုရာဖြစ် သေမထူးနေမထူး ဖြစ်နေတတ်ပါတယ်။ ဒါဆိုရင်လဲ ဆန္ဒတောင် မယ်မယ်ရရ မရှိရင် ဆန္ဒလဲ ဘယ်ပြည့်ပါ့မလဲ။ ပြည့်စရာဆန္ဒ (တောင်းတဲ့ဆု) ကိုယ့်မှာ ရှိဦးမှကိုး။
ဒါလဲ အလွန် အရေးကြီးပါတယ်။ စိတ်အားငယ် စိတ်ဓာတ်ကျနေရင် သူတော်ကောင်းတွေတောင် အခက်အခဲက မလွတ်ဘူးဆိုတာ လွတ်အောင်ရုန်းချင်တဲ့စိတ် အားနည်းသွားလို့ပါ။ ဘာဖြစ်ချင်သလဲဆိုတာ ရေရေရာရာမရှိ၊ မဖြစ်နိုင်ပါဘူးလေဆိုပြီး အပျက်ဘက်က တွေးပြီး ဝမ်းနည်းအားငယ်တာကအရင် ဖြစ်နေတတ်တယ်။ ဆန္ဒ၊ ဝီရီယ၊ စိတ်ဓာတ်၊ ပညာ အဓိပတိလေးပါး အထွတ်တပ်ပြီး အောင်မြင်တယ်ဆိုတာ ပဌာန်းတရားတော်မှာ ဟောထားပြီးသားပါ။ စိတ်ဓာတ်ကျ အားငယ်နေရင် ဆန္ဒကလဲ ပြင်းပြင်းပြပြ ထွက်မလာတော့ဘူး။ ဒီတော့ ပတ္တနာ ဆိုတဲ့ ဆန္ဒပြု ဆုတောင်းမှုကလဲ အားထက်ထက်သန်သန် မရှိတော့ရင် ဘယ် အလိုပြည့်ပါတော့မလဲ။
သဒ္ဒါ သီလ သုတ စာဂ ပညာ ရှိတဲ့သူဟာ မကောင်းမှု ပြုရမှာ ရှက်ခြင်း လန့်ခြင်းဆိုတဲ့ ဟီရိနဲ့ သြတ္တပ္ပ တရားနှစ်ပါးလဲ ကျွဲကူးရေပါ ပြည့်စုံလာတော့တာပါပဲ။ သီလ ရှိမှတော့ သဒ္ဒါ ပညာ ရှိမှတော့ မကောင်းတာ လုပ်ရမှာ ရှက်ပြီပေါ့။
လူ့ဘဝမှာ ဆန္ဒဆိုတာ ဘဝတစ်လျှောက် ရှိနေဦးမှာပါပဲ။ ကောင်းသောဆန္ဒတွေ ပြည့်စုံဖို့ သဒ္ဒါအစ ပညာအဆုံးနဲ့ ပြည့်စုံအောင် အားထုတ်ကြပါစို့။
No comments:
Post a Comment