Saturday, 22 March 2014

သမ္ပဒါ ( ၄ ) ပါးနှင့် လူသားလောက



၁။ ဥဋ္ဌာနသမ္ပဒါ- တက်တက်ကြွကြွဆောင်ရွက်ပါ။
၂။ အာရက္ခသမ္ပဒါ- ရရှိသောဥစ္စာ၊ ပညာကို လုံခြုံအောင် ထိန်းသိမ်းပါ။
၃။ ကလျာဏမိတ္တသမ္ပဒါ- လူတော်လူကောင်းနှင့် ပေါင်းသင်းမှီဝဲပါ။
၎။ သမဇီဝိတသမ္ပဒါ- မျှမျှတတ သုံးစွဲ ဆောင်ရွက်ပါ။ အထက်ပါလေးချက်မှာ ဗုဒ္ဓအမြင်အားဖြင့် လူသားနှင့်လောက ကြီးပွါးကြောင်းတရားလေးပါးဖြစ်၏။ လူတစ်ဦးကြီးပွါးလာသည် ချမ်းသာလာသည်မှာ ဇောတိက ဇဋိလတို့ကဲ့သို့ မြေအောက်မှ ရွှေပေါက်၍ ကြီးပွါးလာခြင်းမဟုတ်၊ အထက်ပါ လေးချက်နှင့် ကိုက်ညီမှ ကြီးပွါးချမ်းသာသည်ကို တွေ့ရမည် ဖြစ်၏။

၁။ (က) အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်းသည် ကိုယ့်ဘဝအတွက် ကိုယ့်ကံကြမ္မာကို ကိုယ်ကိုယ်တိုင် ဖန်တီးနိုင်ပြီဖြစ်ကြောင်း သတ်မှတ်ထားကြသည်။ ယင်းကြောင့် မိမိဘဝရပ်တည်နိုင်ရေးနှင့် တိုးတက်ရေးအတွက် ဥာဏ်နှင့် ဝီရိယကို အရင်းပြု၍ ကြိုးပမ်းကြရ၏။ကိုယ့်ဝါသနာပါသည့် အလုပ်ကို တစ်စိုက်မက်မက် ကြိုးပမ်းသူများသည် သူတစ်ပါးထံ လက်ဖြန့်စရာမလိုဘဲ ထမင်းနပ်မှန် စားသုံးနိုင်၏။ တစ်ချို့ဆိုလျှင် ချမ်းသာချင်၍ ဘဲဥပြုတ်တစ်လုံးကို စား၍  ဆုဆောင်းကြသည်ကို အနီးကပ် တွေ့ဖူးရ၏။ အမှန်တကယ်ချမ်းသာချင်သလား စာဖက်ပြီး စိတ်ကူးယဉ်တက်သူလား ကိုယ်ဟာကို ပြန်မေးသင့်၏။
ကမ္ဘာဘဏ်တိုက်ကြီးပိုင်ရှင် အသက် (၈၀ ) ကျော်တစ်ဦး သူဘာကြောင့် ချမ်းသာကြွယ်ဝလာသည်ကို သူ့ဝန်ထမ်းများအား ပြောပြရာ၌ သူသည် ဆင်းရဲလွန်း၍ တောမှ တက်လာပြီး ငွေပြောင်းငွေလွဲ ဘဏ်ဟု စာတမ်းကလေးတစ်ခု ချိတ်ဆွဲထားရာ လူတစ်ဦး ငွေလာအပ်ကြောင်း နောက်တစ်ယောက်ငွေလာ၍ချေးကြောင်း ယင်းသို့ပြုလုပ်ရာမှ အခုကဲ့သို့ ချမ်းသာကြောင်း ထို့ကြောင့် မောင်မယ်တို့လည်း ရိုးသား၍ ကြိုးစားကြပါဟု သြဝါဒပေးလိုကြောင်း စသည်ဖြင့် ဖတ်ဖူး မှတ်ဖူးသည်။
ကျွန်ုပ် အမ်းမြို့နယ်ရှိ ချင်းအမျိုးသား နှစ်သောင်းကျော်အတွက် သာသနာပြုရာ၌ ခရီခေါက်ရေ (၃၂) ခေါက် ရက်ပေါင်း(၇၆၁) ရက်၊ နှစ်အားဖြင့် (၁၀) တိတိ ဆောင်ရွက်ခဲ့၏။ သာသာနာပြုကျောင်း(၁၂) ကျောင်း တည်ဆောက်ပေးခဲ့၏။ ဤတွင် ကျောက်ဖြူ၊ မအီလမ်းပိုင်းကို တည်ဆောက်ပေးခဲ့သူ ဦးသန်းညွန့် (ဒု-ညွန်ချုပ်) ပြောသောစကားကို ဖော်ပြလို၏။ ဗွက်တော ညွန်တောများတဲ့ ဒီလမ်းကို လက်မတင်ရဲကြပေမဲ့ တပည့်တော်ဖြစ်အောင်လုပ်ခဲ့ပါတယ် ဟု ပြောဖူး၏။ ရိုးရိုးသားသားဖြင့် တက်တက်ကြွကြွလုပ်သူများ အောင်မြင်ကြသော သာဓကများ ဖြစ်သည်။
၂။ (က) ရရှိသော ပညာဥစ္စာကို ထိန်းသိမ်းရန်လည်း အလွန်အရေးကြီး၏။ ကုဋေ(၈၀) သူဋ္ဌေးသားဝတ္ထုဖြင့် ထင်ရှား၏။ ယခုမျက်မှောက်ခေတ်တွင်လည်း နေရာအနှံ့တွင် တွေ့နေရ၏။
မိဘအမွေ များစွာရရှိလိုက်ပြီး  ဒုက္ခရောက်သူများ၊ ကိုယ်တိုင်ကြိုးစား၍ အောင်မြင်လာပြီးနောက်ပိုင်းတွင် လမ်းဘေးရောက်သွားသူများ၊ ပညာကို ဆုံးခန်းတိုင်အောင် သင်ပြီးမှ ခေါင်းမဖော်နိုင်အောင် ဘဝပျက်သွားသူများ၊ အသက်ရှင်လျက် ပျောက်သွားသူများကို ကိုယ်တိုင်မြင်နေကြရ၏။ ယင်းသည် ရရှိထားသော ပညာဥစ္စာကို မထိန်းနိုင်သူများဖြစ်ကြ၏။ အချို့လည်း ကုတ်ကပ်၍ စုဆောင်းသိမ်းဆည်းလာပြီး စနစ်တကျ သုံးစွဲမှုကြောင့် တစ်သက်တာအေးအေးလူလူ နေသွားရသူများကိုလည်း တွေ့နေရ၏။ ထို့ကြောင့် တစ်ဘဝတွင် ရေရှည်တည်တံ့နိုင်အောင် ကြိုးပမ်းရာ၌ အလုပ်ကို ဝီရိယရှိရှိ ကြိုးပမ်းဖို့လိုသလို ရရှိသော လုပ်အား၏၊ တန်းဖိုးများကို ထိန်းသိမ်းရန်လည်း အလွန်အရေးကြီး၏။
၃။ (က)သတ္တဝါအများထဲမှ လူသတ္တဝါကို လေ့လာကြည့်ရာ၌ ထွေထွေအပြားပြား ကွဲပြားခြားနားနေကြသည်ကို တွေ့ရ၏။ သပ္ပံနည်းကျအမြင်၊ ဒဿနိကအမြင်၊ ဘာသာရေးရှုထောင့်အမြင် စသည်ဖြင့် သုံးသက်ကြည့်ရာ၌ တူညီမှုမရကြချေ။ ဗုဒ္ဓဘာသာရှုထောင့်အမြင်မှာ လူသည် စရိုက် (၆) မျိုးတွင်၊ တစ်မျိုးမျိုးဦးဆောင်နေတက်ပြီး ကျန် (၅)မျိုးက အထောက်အပံ့ ရှိနေကြသည်ဆို၏။ ဤသို့လျှင် လူတစ်ဦးသည် စရိုက်တစ်မျိုးမျိုး ဦးဆောင်ခံနေရသော သတ္တဝါဖြစ်၍ လူတော်လူကောင်းနှင့် ပေါင်းမိခြင်း၊ လူယုတ်မာနှင့် မပေါင်းခြင်းမှာလည်း ထိုသူ၏ ကံကြမ္မာနှင့် ဆက်စပ်နေတက်၏။
သူတော်ကောင်းမိဘမှ ပေါက်ဖွါးလာပါလျက် လူယုတ်မာဖြစ်သွား၊ မိဘလူယုတ်မာဖြစ်သော်လည်း သူတော်ကောင်းဖြစ်လာသူ စသည်များကိုလည်း တွေ့နေရတက်၏။ တေလေဂျပိုး လူယုတ်မာဖြစ်နေပြီးမှ လူတော်လူကောင်းဖြစ်သွားသူများ၊ ဆရာတော်များထံ အရက်မသောက်တော့ပါဘူး ဟု ရေစက်အကြိမ်ကြိမ်ချသော်လည်း အရက်မပြတ်၊ သူ့ အလိုအလျောက် အရက်ပြတ်သွားသူများ တွေ့နေရ၏။ ထို့ကြောင့် လူတော်လူကောင်းကို ပေါင်းပါဟူသော ကြီးပွါးကြောင်းတရား လေးပါးထဲမှ တတိယ အချက်ကိုလည်း လိုက်နာရန် လူတိုင်းမလွယ်ကူကြောင်း နားလည်ရ၏။
၎။ (က) မျှတစွာ အသက်မွေးပါဟု ဆို၏။ သို့ရာတွင် လူသည် ရလာသော ဝတ္ထပစ္စည်းနှင့် ရလာသော ဂုဏ်များကို စနစ်တကျ အသုံးချရန် ခဲယဉ်းတတ်၏။ ရလာသော ဝတ္ထုပစ္စည်းများ ဂုဏ်ဒြပ်များကို အလွဲသုံးစားပြုလာတက်၏။ ရလာသော ဂုဏ်ဓနများကို အသုံးချ၍ မမှန်မကန် ပြုမူလာတက်၏။ မကောင်းသော မမှန်ကန်သော အလုပ်များဘက်သို့ နစ်ဝင်သွားလျင် မကြာမီ ဘဝပျက်ရ၏။ စည်းစနစ်ရှိသော သူများသည် ပို၍ပို၍ တိုးတက်လာတက်၏။
ကျွန်ုပ်နှင့် ရင်းနှီးသော သူတစ်ဦးသည် အလှူအတန်းရဲ၏။ အပေးအကမ်းရက်ရော၏။ သို့ရာတွင်  စီးပွါးရေးတွင်လည်း တဖြည်းဖြည်း တိုးတက်လာနေ၏။ သူ၏ စနစ်ကား နေ့စဉ် အဝင်အထွက် စာရင်း ရှိ၏။  နှစ်ကုန်လျင် စာရင်းချုပ်၏။ အမြတ်၏ လေးပုံနှစ်ပုံကို အရင်းထဲပြန်ထည့်၊ တစ်ပုံကို တစ်နှစ်တာအတွက် အိမ်သုံးစရိတ်၊ ကျန်တစ်ပုံကို အလှူအတန်း အပေးအကမ်းလုပ်၏။ ဤသို့စနစ်ရှိသူများသည် သမဇီဝိတနှင့် ညီညွတ်၏။
၁။ (ခ)လူသည် အစပထမ၌တကွဲတပြားစီ နေလာခဲ့ရာမှ တဖြည်းဖြည်း တစ်စုတစ်စည်းတည်း နေလာကြသည်ဟု သိပ္ပံပညာရှင်များ သုံးသပ်ထားကြ၏။ ယင်းသို့ အစုအစည်း ဖြစ်လာသောလူသည် နောင်တွင် စိတ်တူသူ ရည်ရွယ်ချက် ရည်မှန်းချက် တူသူများ ပေါင်းစပ်၍အဖွဲ့အစည်း ဖွဲ့လာလာ၏။ တစ်ဦးကို တစ်ဦး အမြင်မကြည်မှု သံသယဖြစ်မှုတို့ကြောင့် အဖွဲအစည်းများ ပျက်ပြားသွားတတ်ကြသော်လည်း အဖွဲ့အစည်းသည် အမြဲလိုအပ်နေသည် ဟူသော အမြင်များကား တဖြည်းဖြည်း ပို၍နက်ရှိုင်း လာနေ၏။ ယင်းအမြင်အရ မြန်မာနိုင်ငံသားများသည် အဖွဲ့အစည်း အကြီးအသေးများစွာ ဖွဲ့စည်းလာခဲ့ကြ၏။
သို့ရာတွင် ခေါင်းဆောင်များ အရည်အချင်းမပြည့်စုံမှုကြောင်း အဖွဲ့အစည်းများ ပျက်ပြားလာခဲ့ကြရ၏။ ခေါင်းဆောင်သည် တက်ကြွစွာ ဆောင်ရွက်နေရမည်။ တစိုက်မက်မက် မိမိအသင်းအဖွဲ့အပေါ် အာရုံစိုက်နေရမည်။ ရည်မှန်းချက် ဆုံးဖြတ်ချက်များကို အကောင်အထည် ဖော်နိုင်အောင် ဆောင်ရွက်နိုင်ရမည်။ ဆက်၍ တာဝန်ယူနိုင်သူကို ပြုစုနိုင်ရမည်။ ဆောင်ရွက်ရာ၌ အဂတိကင်းရှင်းရမည်။ အားလုံးထက် အမြော်အမြင်ရှိသူ သည်းခံတက်သူဖြစ်ရမည်။
၂။ (ခ) အလုပ်ကို အကောင်အထည် ဖော်ရာ၌လည်းကောင်း၊ ဆုံးဖြတ်ချက် ချမှတ်ရာ၌လည်းကောင်း၊ တင်ပြရာ၌လည်းကောင်း အမြော်အမြင်ကြီးရမည်ဟု ဆိုခြင်းမှာ အများထက်မြင်နိုင်သော အမြင်များရှိရမည်ဖြစ်၏။ သို့မှသာ အများ၏ လေးစားအထင်ကြီးခြင်းကို ခံရမည်ဖြစ်၏။ နောက်တစ်ချက်က အများတင်ပြချက်ကို အများက ထောက်ခံလျှင် ယင်းကို လက်ခံ၍အကောင်အထည် ဖော်ပေးရမည်ဖြစ်၏။ တစ်ဦးတစ်ယောက်က တင်ပြသည်ကို အများက လက်ခံလျှင် သင့်လည်းသင့်လျော်လျှင် လက်ခံရမည်။ ယင်းသည် အသင်းရေရှည်တည်တံ့ရေးအတွက် အချက်တစ်ချက်ဖြစ်၏။ သင့်တော်သော်လည်း လက်မခံခြင်းမှာ ခေါင်းဆောင်၏ အရည်အချင်းမဟုတ်သလို မသင့်တော်သော ကိစ္စကို အများကလက်ခံသော်လည်း မသင့်တော်ကြောင်း အများသဘောပေါက်အောင် မရှင်းပြနိုင်ခြင်းမှာလည်း ခေါင်းဆော်င၏ အရည်အချင်းမဟုတ်။ ခေါင်းဆောင်ကောင်းတစ်ဦးသည် မိမိကဲ့သို့ နောင်တွင် ဆောင်ရွက်နိုင်စွမ်းရှိသူများကို စုဆောင်းထားနိုင်စွမ်း ရှိရ၏။
၃။ (ခ) ခေါင်းဆောင်ကောင်းတစ်ဦးသည် မိမိအသင်းအဖွဲ့၊ မိမိအုပ်စု၊ မိမိကျေးရွာ စသည်၌ ခေါင်းဆောင်အဖြစ်ဆောင်ရွက်နေချိန်တွင် ပတ်ဝန်းကျင်မှ အသံကို အမြဲနားစွင့်နေတက်ရမည်။ ကောင်းသောအသံ၊ မကောင်းသောအသံ၊ ပြုပြင်လိုသောအသံ၊ ပျက်စေလိုသောအသံ စသည်ဖြင့် ခွဲခြားနားလည်ထားရမည်း။ မြှောက်တိုင်း ခြိမ်းခြောက်တိုင်း နားထောင်နေလျှင်  ယင်းသည် ခေါင်းဆောင်မဟုတ်။ ရပ်ရွာမှာဖြစ်စေ၊ အသင်းအဖွဲ့အစည်းမှာဖြစ်စေ၊ တစ်ခြားတစ်နေရာမှာဖြစ်စေ ခေါင်းဆောင်ဖြစ်လာသူအနီးသို့ ကပ်ရောက်လာသူအားလုံးနီးပါးမှာ အခွင့်အရေးတစ်မျိုးမျိုးကို ရယူလို၍ ချည်းကပ်လာသူများ ဖြစ်သည်ကို သတိထားရမည်။ ထိုသူများ တင်ပြချက်ကို အထူးသတိထားရမည်ဖြစ်သည်။ ကောင်းမကောင်း အဝေးမှ နေ၍ ဝေဖန်သူများစကားကို အလေးအနက်ထားရမည်။ သူတို့ဝေဖန်ချက်များသည် မှန်ကန်မှု ရှိမရှိ စဉ်းစားရမည်။ အတိုက်အခံပြုဝေဖန်သူတိုင်း အကျိုးဖြစ်ထွန်းရန် သဘောထားများ ပါဝင်နေတက်သည်ကို သတိပြုသင့်၏။
၎။ (ခ) ခေါင်းဆောင်သည် စာရင်းဇယား တိကျရ၏။ အမှန်အတိုင်း တင်ပြရ၏။ လူအားလုံး ဤကိစ္စ၌ ငါ့ထက်တော်ကြသည်၊ သိကြသည်၊ နားလည်ကြသည်ဟု မြင်မှ တော်ရာကျ၏။ သူတို့ကားမသိဟု ထင်မိလျင်၊ လုပ်မိလျင် အမှားကို တက်နင်းမိနေပြီဖြစ်၏။ အသင်းကိစ္စ ရံပုံငွေများ၊ တခြားကိစ္စရံပုံငွေများကို အလေးအလွင့်မရှိအောင် အလွဲသုံးစားမပြုမိအောင် အသင်းရံပုံငွေတိုးတက်အောင် ဆောင်ရွက်နိုင်စွမ်း ရှိရ၏။ ယင်းသို့ အသင်းကိစ္စ မဆောင်ရွက်နိုင်ဘဲ အသင်းပြိုကွဲအောင် နှင့်တူ၏။ ယခင်နှစ် သုံးလေးဆယ်ခန့်က အဖွဲ့အစည်းတစ်ခုမှ ထွက်ပေါ်လာသော ကျယ်လောင်သော အသံတစ်ခုမှာ “ဒီလူ တော်တော် ထောင်လာတယ်၊ ဌာနမှာ လူကြီးခန့်လိုက်၊ မကြာမီဝင်သွားလိမ့်မယ်၊ အဲဒါ သူအတွက် သင်္ချိုင်းပဲ ။” ဟု ပြောလေ့ရှိခဲ့ဖူးကြသည်။ သူတို့အဖွဲ့ထဲမှ သူတို့ချင်းပြောသော အသံဖြစ်၏။
ခြုံငုံပြောရလျှင် လူ့ဘဝ၌ စီးပွါးရေး၊ ကြီးပွါးရေး တိုးတက်လိုလျင် အထက်ပါအချက် လေးချက်ကို အခြေခံမူအဖြစ် သတ်မှတ်၍ ဆောင်ရွက်သူတိုင်း စီးပွါးရေး ကြီးပွါးရေး၌ အောင်မြင်တက်ကြ၏။ ဤတွင် စီးပွါးရေး ဟူသောစကား၊ ကြီးပွါးရေး ဟူသောစကား၌ စီးပွါးရေး ဆိုသည်မှာ ဓနဥစ္စာ တောင့်တင်းအောင် များစွာရှိအောင် ဆောင်ရွက်ခြင်းကို ခေါ်၏။ အတ္တ, အဓိက ဦးဆောင်၏။ ကြီးပွါးရေးဆိုသည်မှာ အများအကျိုး ပရဟိတအဖြစ် ဆောင်ရွက်သော အလုပ်ဖြစ်၏။ အတ္တမပါ သူတစ်ပါး အကျိုးအတွက် ဆောင်ရွက်ပေးခြင်းကို ခေါ်၏။
တစ်ခြားတစ်ဦးတစ်ယောက်အတွက်မှ စ၍ မိသားစု အားလုံးအတွက် ကိုယ့်ဆွေမျိုးအတွက် ကိုယ့်ရပ်ရွာအတွက် စသည်ဖြင့် ကိုယ်ကျိုးမငဲ့ ကိုယ်ကျိုးအတွက် မမျှော်လင့်ဘဲ ဆောင်ရွက်ပေးသော အလုပ်မှန်သမျသည် ပရဟိတ အလုပ်ဖြစ်၏။ အယုတ်ဆုံးအားဖြင့် လူတစ်ဦး ရေနစ်နေသည်ကို ကိုယ့်အသက်မငဲ့ဘဲ ဆယ်ယူခြင်းမှစ၍ သူတစ်ပါးအတွက် ဆောင်ရွက်ခြင်းမှန်သမျမှာ ပရဟိတ အလုပ်ဖြစ်၏။ ကိုယ့်စီးပွါးရေးကိုသာ စောက်ချလုပ်သူများမှာ ကိုယ်ချမ်းသာသော်လည်း အများအကျိုးမရှိ၊ ပရဟိတ သမား၏ အလုပ်မှာ သူတစ်ပါး အကျိုးရှိသလို ကိုယ့်အတွက်လည်း အကျိုးရှိ၏။
ဤတွင် ဆိုရန် ရှိလာ၏၊ ယခုခေတ်၌ နိုင်ငံရပ်ခြားသို့သွား၍ ပညာသင်လာကြ၏။ ထိုတွင် မြန်မာရန်တော်များသည်လည်း ဇွဲ၊ ဝီရိယရှိခြင်း၊ အထောက်အပံ့ရခြင်း၊ သင့်လျှော်သော တက္ကသိုလ်၌ ပညာသင်ကြားခြင်း၊ ရရှိသော  အထောက်အပံ့များကို မျှတစွာ အသုံးပြုခြင်း တည်းဟူသော သမ္ပဒါတရား လက်ကိုင်ထား၍ ပညာသင်ယူသဖြင့် သတ်မှတ်ထားသော ပညာရ်များ ကျွမ်းကျင်ပြီး အကြီးဆုံးဘွဲ့ကို ရပြီးဆိုပါစို့၊ ထိုသို့ဘွဲ့တံဆိပ်တစ်ခု ရရှိဖို့အတွက် အရင်းအနှီး များကိုကြည့်လျှင် အသက်အား (၅)နှစ်မှ (၇)နှစ်အထိ ကြာမြင့်ခြင်း ယင်းကာလအတွင်း ကုန်ကျစရိတ် ယင်းကာလအတွင်း သင်ယူ၊ နာကြား၊ မှတ်သား ၊ လေ့လာခြင်းစသည် တို့ကိုတွေ့ရ၏။ ကုန်ဆုံးသွားသော အရင်းအနှီးများ (အကြွေးများ)ကို ဘယ်လိုပြန်ဆပ်နိုင်မှာလဲ။
လောက၌ ဂုဏ်၊ သိက္ခာဟူ၍ နှစ်မျိုးရှိ၏။ ဂုဏ်သည် ပကာသနသက်သက်ဖြစ်ပြီး သိက္ခာက အလုပ်ဖြစ်၏။ အမှုအကျင့်ဖြစ်၏။ ထို့ကြောင့် ဘွဲ့တံဆိပ်လက်မှတ်ကို ရရုံမျှနှင့် သိက္ခာတက်လာမည်ကား မဟုတ်၊ ဤတွင် ကြားညှပ်ပြောလို၏။ ကျွန်ုပ် ပတ်ဝန်းကျင်၌ တွေ့ရသည်မှာ ဆယ်တန်းပင် မအောင်သူတစ်ဦးသည် နှစ်စဉ် ကျောင်းသားတစ်ရာကျော်ကို ဆယ်တန်း စာမေးပွဲကို တစ်ယောက်မှ မကျန် အောင်မြင်အောင် ဆောင်ရွက်နေ၏။ ကြီးပြီးမှ ရဟန်းဝတ်လာသော ဆရာတော် တစ်ပါးသည် မူလတန်းမှ ဆယ်တန်းအထိ ကျောင်းသားပေါင်း လေးထောင်ခန့်ကို ပညာသင်ပေးနေ၏။ လေးတန်း၌ ကျောင်းပြေးခဲ့ရသော အိန္ဒိယက ပညာရှင် ရာဘင်ဒြာနတ်တဂိုးသည် ကမ္ဘာကျော် ကဗျာဆရာကြီးဖြစ်လာ၏။ မဟတ္တမဂန္ဓီကြီးသည် ကမ္ဘာကျော်ငြိမ်းချမ်းရေးပုဂ္ဂိုလ်ကြီးဖြစ်လာခဲ့၏။ ဆရာတော် ဦးစန္ဒြမဏိသည် အိန္ဒိယ၌ ဗုဒ္ဓဘာသာတရားတော်များ တဖန် ပြန်လည်နိုးထလာအောင် ဆောင်ရွက်နိုင်ခဲ့၏။
ယခုဘွဲ့တံဆိပ်ကြီးရရှိထားသော ဘွဲ့ပိုင်ရှင်ကြီးများသည် အမြတ်ကိုထားဦး ရင်းနှီးခဲရသော အကြွေးများကို ဘယ်လိုပြန်ဆပ်နိုင်မည်နည်း။ သိက္ခာတက်အောင် ဘယ်လမ်းကိုလျောက်မည်နည်း။ ဝိပဿနာတရားပြဆရာ လုပ်မည်လော၊ တရားဟော ဓမ္မကထိက လုပ်မည်းလော၊ တောရပုဂ္ဂိုလ်လုပ်မည်လော၊ ကမ္ဘာလှည့်၍ သာသနာပြုမည်လော၊ စာသင်တိုက်တည်ထောင်မည်လော၊ ဘွဲ့ကိုထမ်းပြီး စိတ်ကူးယဉ်၍ နေ၍မဖြစ်။ စိတ်ကူးယဉ်သော အလုပ်ကို ဆိုက္ကားသမား၊ မိလ်လာသိမ်းသမားများလည်း လုပ်တတ်၏။ စိတ်ကူးယဉ်နှင့် လက်တွေ့မှာတခြားစီးဖြစ်၏။ အောင်မြင်ကျောင်ကြားသူများ၏ အလုပ်သည် ဝီရိယများစွာကို အရင်းစိုက်ရာမှ ရလာသောအကျိုးဖြစ်၏။
ကျွန်ုပ်တို့မြို့နယ်၏ ဧရိယာမှာ အလျားမိုင်တစ်ရာ အနံ မိုင်ငါးဆယ်ခန့်ရှိ၏ လူဦးရေ တစ်သိန်းခန့်ရှိ၏။ လယ်ယာမြေဧက (၄၀၀၀၀)၊ ဥယာဉ်ခြံမြေ စိုက်ပျိုးနိုင်သော ဧက ( ၃၀၀၀၀) ခန့်ရှိ၏ ။ ကျွန်ုပ် ချင်းသာသနာပြုလုပ်ငန်းနှင့် တွဲဖက်၍ “ရွာတည်၊ ကျောင်းဆောက်၊ ဥယာဉ်ရောက်” ဆောင်ပုဒ်ဖြင့် ၁၉၉၆ ခုနှစ်တွင် စတင်ဟောပြော စည်းရုံး၏။ ထိုအချိန်က မြေစာရင်း ဦးစီး၏ အဆိုအရ ဘုန်းကြီးကျောင်းက သရက်ပင်၊ ပိန္နဲပင်၊ အပါအဝင် ဥယာဉ်ခြံမြေဧက (၈၀၀) ရှိသည်ဆို၏။ ၂၀၀၀ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း ဥယျာဉ် ခြံမြေ (၁၅၀၀၀) ရှိရမည်ဟု စီမံကိန်းချ၍ စည်းရုံး၏။ ထိုအချိန်က ရာဘာတစ်ပင်လျင် (၁၂) ကျပ်ဈေးရှိ၏။ တောင်ယာခုတ်သူများ တစ်ပင်ကို (၅) ကျပ်နှုန်းဖြင့် မယူမနေရ ရောင်းပေး၏။ လူတစ်ဦးကို (၂၅ ) ပင်ယူရမည်ဟု သတ်မှတ်ပေး၏။ ဝယ်ယူသော်လည်း လယ်ကွင်းတွင် လွှင့်ပစ်ခဲ့ကြ၏။ ၂၀၀၇ ခုနှစ်တွင် စာရင်းကို ပြန်စစ်ရာ သီဟိုဠ်နှင့် ရာဘာ ဧကပေါင်း (၁၈၅၆၀) အောင်မြင်နေပြီးဖြစ်ကြောင်း တွေ့ရ၏။၂၀၁၀ ခုနှစ်တွင် ဧကပေါင်း (၂၀၀၀၀) ကျော်နေလေပြီ၊ ဟိုတုန်းက (၅) ကျပ်နှင့် မဝယ်ချင်ဘဲ ဝယ်ခဲ့ရသော ရာဘာပင်သည် ယခု (၅၀၀) ကျပ်နှင့် အလုအယက် ဝယ်နေကြလေပြီ။ ဤမြို့နယ်၌သီဟိုဠ် တစ်ဧကမှာ အစေ့ (၈၈) ပိဿာ ထွက်နေ၏။ ဆိုလိုသည်မှာ စတင်ဆောင်ရွက်စဉ် အခတ်အခဲများစွာရှိတက်၏။ ကျော်လွှားနိုင်အောင် အလုပ်ကို လုပ်သူများသာ သိ၏။ စိတ်ကူးယဉ်၍ မရနိုင်ပါ။
ကျွန်ုပ်တို့သည် ဗုဒ္ဓဟောကြားသော သမ္ပဒါတရားလေးပါးကို ပင်တိုင်ထား၍ လူ့လောကကြီးပွါးကြောင်းကို လူတစ်ဦးချင်းစီမှ အစုအဖွဲ့ထိ အတိမ်အနက်ကို လေ့လာကြည့်ခဲ့ကြ၏။ လူတစ်ဦးချင်းစီ၏ ကြိုးပမ်းရမည်အလုပ်၊ အစုအဖွဲ့ဖြင့် ကြိုးပမ်းရမည့်အလုပ် စသည်ဖြင့် ဒြပ်မရှိသော သိက္ခာဟူသော နာမဝိသေသနကို နားလည်သဘောပေါက်ပြီး ရှေ့တွင် ဘာဆက်လုပ်သင့်သည်ကို နားလည်ကြမည်ဟု ယုံကြည်၏။ မူလရွယ်ရည်ချက်ကပင် ပရဟိတ အလုပ်ဖြစ်သော ရဟန်းတော်တစ်ပါးသည် ပို၍ပို၍ သိက္ခာတက်အောင် ဘွဲ့ဂုဏ်ထူးကို အရင်းတည်၍ အနည်းဆုံးတော့ အကြွေးကျေအောင် ကြိုးစားကြဖို့ လိုအပ်သည် ထင်၏။
(ရှင် ရာဟုလာ)
မှတ်ချက်။ ။ ဤဆောင်းပါးကို “ဦးစန္ဒြမဏိကျောင်းသားများ သာရေးနာရေးအသင်း (UCMSWT)” မှ ဓမ္မဒါနအဖြစ် ထုတ်ဝေဖြန့်ချိသော ” မဇ္ဈိမတံခွန် မဂ္ဂဇင်း” “အမှတ်စဉ် (၁)”မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment