Sunday, 20 January 2013
အခါတော်နေ့နှင့် ဂါထာတော်များ
                           မေတ္တသုတ် ကျင့်စဉ်
ဗုဒ္ဓဘာသာ မြန်မာတို့သည် ပရိတ်ကြီး ၁၁-သုတ်ကို လက်စွဲပြုကြသည်။ ရွတ်ဆိုကြသည်။ ပရိတ်ကြီး ၁၁-သုတ်တွင် မေတ္တသုတ်ကို အများပင် အားထားကြသည်။ မေတ္တသုတ်သမိုင်းမှာလည်း စိတ်ဝင်စားဖွယ် ဖြစ်သည်။ 
တခါသော် ရဟန်းငါးရာတို့သည် ကမ္မဋ္ဌာန်းတရားကို ယူ၍ တောအုပ်တခုတွင် နေထိုင် ကျင့်ကြံပွားများ၏။ နေ့ရက်ကြာသောအခါ ရဟန်းတော်များကြောင့် နေရာဖယ်ပေးနေရသော နတ်အချို့က အမျိုးမျိုး ခြောက်လှန့်ကြသည်။ ဤတွင် ရဟန်းတို့သည် တရားဖြောင့်စွာ နှလုံးမသွင်းနိုင်။ စိတ်ဓာတ်ချောက်ချား၍ ဘုရားရှင်ထံ ပြန်သွားကြလေသည်။ ထိုအခါ ဘုရားရှင်က မေတ္တသုတ်ကို သင်ပေး၍ ထိုနေရာသို့ ပြန်သွားပြီး ကျင့်ကြံအားထုတ်ရန် ညွှန်ကြားသည်။ ရဟန်းတို့လည်း ပြန်သွားကာ ဘုရားရှင်ညွှန်ပြသည့်အတိုင်း ကျင့်ကြံပွားများကြသည်။ သည်တွင် ရဟန်းတို့၏ မေတ္တာဓာတ်ကြောင့် နတ်များက ချစ်ခင်မြတ်နိုးလာကြသည်။ အန္တရာယ် မပြုကြတော့ပေ။ ရဟန်းတို့လည်း ငြိမ်းအေးစွာ သီတင်းသုံး နေထိုင်သွားလာနိုင်ကြပေသည်။
မေတ္တသုတ်၌ ရွတ်ဆိုရန် တိုက်တွန်းခြင်း၊ ကျင့်ပွားခြင်း၊ မေတ္တာအကျိုး အာနိသင် စသည်တို့ကို ဖော်ပြထားသည်။ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဖြစ်သူ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ (Ph.D) က မေတ္တသုတ်ဆိုတာ ရွတ်ဖတ်ရုံသက်သက် မဟုတ်ဘူး။ နာရမှာသက်သက် မဟုတ်ဘူး။ မေတ္တသုတ်ကို နေ့စဉ် ရွတ်ဖတ်လို့ရှိရင် အန္တရာယ်တွေ ကင်းတယ်၊ နာရင် အန္တရာယ်တွေ ကင်းတယ်လို့ ဒီမေတ္တသုတ်မှာ ပြဆိုထားတဲ့စကား တလုံးမှ မပါဘူး။ သို့သော် အများက ဒီအတိုင်းပဲ ယုံကြည်နေကြတယ်။ မိုးကုတ်ဆရာတော်ကြီး ပြောတဲ့ စကားလုံးနဲ့ ပြောရမယ်ဆိုလို့ရှိရင် -တို့လူတွေက သောက်ဆေးကို လိမ်းဆေး လုပ်နေကြတယ်ပေါ့-တဲ့။ သောက်ရမှာကို မသောက်ဘဲနဲ့ လိမ်းဆေးအဖြစ် အသုံးပြုနေလို့ရှိရင် အကျိုးသက်ရောက်မှု အားနည်းမှာပေါ့နော်။ သောက်ရမယ့်ဆေးက သောက်ကို သောက်မှ အကျိုးသက်ရောက်မှု ဖြစ်မှာပေါ့။ ဒါကြောင့် မေတ္တာဆိုတာ ဘာဝနာတရား ဖြစ်လို့ ပွားများကြရပေမယ်-ဟူ၍ ဖွင့်ဟ မိန့်ဆိုတော်မူခဲ့သည်။
ဆရာတော် ထုတ်ဖော်ညွှန်ပြသည့်အတိုင်းပင် မေတ္တသုတ်တွင် သတ္တ၀ါများ ကျန်းမာ၊ ချမ်းသာ အသက်ရှည်စေရန် ဆန္ဒပြု ပွားများမှုသင့်ရုံသာ ပါရှိသည်။ အဓိက ပါရှိသည့် ဘုရားရှင်၏ ညွှန်ပြချက်မှာ ရဟန်းရှင်လူတို့ ကျင့်ရမည့် ကျင့်စဉ်ပင် ဖြစ်သည်။
ဗုဒ္ဓဘုရားရှင်က ငြိမ်းချမ်းသော နိဗ္ဗာန်သို့ ဉာဏ်ဖြင့် သက်ဝင်၍ နေလိုသော၊ အကျိုးစီးပွား၌ လိမ္မာသောသူသည် အောက်ပါကျင့်စဉ်တို့ကို ပြုကျင့်အပ်၏-ဟူ၍ မေတ္တသုတ်၌ ညွှန်ပြတော်မူထားသည်။ 
ယင်းတို့ကား---
၁။ သီလ၊ သမာဓိ၊ ပညာတို့ကို ကျင့်စွမ်းနိုင်ရမည်။
၂။ ကိုယ် နှုတ် ဖြောင့်မတ်ရမည်။
၃။ စိတ်နေစိတ်ထား ကောင်းစွာ ဖြောင့်မတ်ရမည်။
၎။ ဆိုဆုံးမလွယ်ရမည်။
၅။ စိတ်ထား နူးညံ့သိမ်မွေ့ရမည်။
၆။ လွန်ကဲမြင့်မောက်သော မာန မရှိရာ။
၇။ ပစ္စည်းလေးပါး၌ ရောင့်ရဲလွယ်ရမည်။
၈။ မွေးမြူလွယ်ရမည်။ (ကျွေးသမျှ၊ မွေးသမျှ၊ ပေးသမျှနှင့် ကျေနပ်သူ ဖြစ်ရမည်)
၉။ အမှုကိစ္စ နည်းပါးရမည်။
၁၀။ ၀န်ကျဉ်း ပေါ့ပါးသော အသက်မွေးမှု ရှိရမည်။
၁၁။ ငြိမ်သက်သော ဣနြေ္ဒရှိရမည်။
၁၂။ ရင့်ကျက်သော ပညာရှိရမည်။
၁၃။ ကိုယ် နှုတ် နှလုံး ကြမ်းတမ်းခြင်း မရှိရာ။
၁၄။ ဒါယကာတို့၌ တပ်မက်မှု ကင်းရမည်။
၁၅။ ပညာရှိတို့ ကဲ့ရဲ့စွပ်စွဲနိုင်မည့် ဒုစရိုက်ကို စိုးစဉ်းအနည်းငယ်မျှ မပြုကျင့်ရာ။
၁၆။ တယောက်က တယောက်ကို အမျက်မထွက်ပါစေလင့်။
၁၇။ တစုံတခုသော အရာ၌ တစုံတယောက်ကိုမျှ ချုပ်ချယ်ခြင်း မပြုပါစေလင့်။
၁၈။ ရန်လိုသောစိတ်ဖြင့် မထီမဲ့မြင် မပြုပါစေလင့်။
၁၉။ အချင်းချင်း ညှဉ်းဆဲမှု၊ ဆင်းရဲမှုကို မပြုပါစေလင့်။
၂၀။ မိခင်သည် ရင်၌ဖြစ်သော တဦးတည်းသော သားကို မိမိအသက်နှင့်လဲ၍ အစဉ်စောင့်ရှောက်ဘိ သကဲ့သို့ သတ္တ၀ါခပ်သိမ်းတို့ကို အတိုင်းအရှည် မရှိသော မေတ္တာစိတ်ကို ထား၍ ပွားများရာ၏။
ဤသို့လျှင် မေတ္တသုတ်၌ ရဟန်း-ရှင်-လူတို့ ပြုကျင့်အပ်သော ကျင့်စဉ်များ ပါရှိရာ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာသုခကို အလိုရှိသော ပုဂ္ဂိုလ်တို့သည် ထိုကျင့်စဉ်များအတိုင်း လိုက်နာပြုကျင့် ပွားများနိုင်သော် ကောင်းလေစွ။
=====================================================
                                              ၀ါဆိုလ
ဝါဆိုလသည် မြန်မာလများတွင် စတုတ္ထမြောက်လဖြစ်၍ နွေဥတု၊ မိုးဥတု၊ နှစ်ဥတုလုံး၌ ပါဝင်သည်။ ၀ါဆိုလဆန်း ၁၅-ရက်သည် နွေရာသီ၌ အကျုံးဝင်သည်။ ၀ါဆိုလပြည့်ကျော် ၁၅-ရက်သည် မိုးရာသီ၌ အကျုံးဝင်သည်။ ပုန်းညက်ပန်း၊ မုလေးပန်း၊ မိကျောင်းပန်းတို့ ပွင့်ကြသည်။ ၀ါဆိုလတွင် မိုးများသည်းထန်စွာ ရွာသွန်းသဖြင့် လယ်ကွင်းပြင်တခုလုံး ရေတွေဖွေးနေသည်။ ထို့ကြောင့် ၀ါဆိုဝါခေါင် ရေဖောင်ဖောင်-ဟု ဆိုကြသည်။
ဝါဆိုလပြည့်နေ့ကား သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဆိုသည့်အတိုင်း ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း။ တောထွက်တော်မူခြင်း။ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း။ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်းဟူသော ထူးခြားသည့် ဘာသာရေးမှတ်တိုင်ကြီးများကို စိုက်ထူခဲ့သောနေ့ ဖြစ်သည်။
ထို့ပြင် ၀ါဆိုလပြည့်နေ့သည် ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့လည်း ဖြစ်သည်။ 
တရားရတနာ စတင်ပေါ်ပေါက်ရာနေ့လည်း ဖြစ်သည်။
သံဃာရတနာစတင်ပေါ်ထွန်းသောနေ့လည်း ဖြစ်သည်။ 
ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံသောနေ့လည်းဖြစ်သည်။
ဧဟိ ဘိက္ခု ဟူသော စကားကို စတင်ကြားရသော နေ့လည်းဖြစ်သည်။
ထိုမျှသာမက သံဃာတော်များသည် ၀ါဆိုလပြည့်ကျော် ၁-ရက်မှစ၍ ၀ါတွင်းသုံးလ ကာလပတ်လုံး ၀ါဆိုဝါကပ်သော အခါထူး အခါမြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် စားနပ်ရိက္ခာအတွက် လယ်ယာလုပ်ငန်းကို ကြိုးစားလုပ်ကိုင်ရင်း တဖက်ကလည်း ၀ါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားများသို့ သွားရောက်၍ ၀ါဆိုပန်းများ ကပ်လှူခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်း ပြုကြသည်။ ၀ါတွင်းသုံးလတွင် အခြားကာလများထက်ပို၍ အလှူဒါနများ ပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်းလည်း ပြုကြသည်။
=====================================================
                                   ထူးမြတ်နယုန်
နယုန်လသည် မြန်မာလများတွင် တတိယလ ဖြစ်သည်။ နွေဥတုတွင် ပါဝင်သည်။ နွေရာသီကုန်ဆုံးရန် ၁၅-ရက်မျှသာ ကျန်တော့သဖြင့် စာဆိုပညာရှင်များက ထိုလကို နွေနှောင်းလ၊ နွေစွန်လ-ဟု စာဖွဲ့လေ့ရှိကြသည်။
နွေနှောင်းလဖြစ်သည့်အလျောက် ကဆုန်လတွင် ခြစ်ခြစ်တောက် ပူပြင်းခဲ့သော နေမင်းသည် နယုန်လတွင် အပူရှိန် အားလျော့လာသည်။ ကောင်းကင်ပြင်တခုလုံးတွင် မိုးသားများ မည်းမှောင်အုံ့ဆိုင်းပြီး မိုးသီးမိုးပေါက်များ ရွာသွန်းတတ်သည်။
ကဆုန်လ၏အပူရှိန်အောက်၌ ရွက်ခြောက်များကြွေကာ အရိုးပြိုင်းပြိုင်းဖြစ်နေကြသည့် သစ်ပင်သစ်ကိုင်း များမှာ ရွက်ညွန့်ကလေးများ ထွက်ပြူလာသည်။ စိမ်းစိုလန်းဆန်းလာကြသည်။ နယုန်လ၏ မိုးသေးမိုးဖွဲကလေးများကြောင့် မြေပြင်မှာလည်း မြက်နုကလေးများဖြင့် စိုပြည်လာသည်။ ထို့ကြောင့် ရှေးမြန်မာတို့က-နယုန်မိုးသေး မြက်သားမွေး-ဟု ဆိုရိုးပြုကြသည်။ ဖြူစင်ရှင်းသန့်သော စံပယ်ဖြူပန်းတို့လည်း လှိုင်လှိုင်ပွင့်လာကြသည်။
နယုန်လတွင် မိုးသေးမိုးဖွဲကလေးများသာ ရွာသည်မဟုတ်။ တခါတရံ မိုးသည်းထန်စွာ ရွာတတ်သဖြင့်  လယ်ယာမြစ်ချောင်း အင်းအိုင်များ ရေအပြည့်အ၀ရကြသည်။ ထို့ကြောင့် လယ်သမားတို့သည် ဆန်အတွက် မျိုးစပါးများကိုလည်း ပျိုးထောင်ကြသည်။ တောင်သူတို့သည် ၀ါဂွမ်း၊ ပြောင်း၊ နှမ်း၊ ဂျုံ၊ ပဲမျိုးစုံတို့ကို ကြဲကြသည်။ လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်ကြသည်။
ထို့ကြောင့် စိန္တကျော်သူ ဦးသြက မဟာအဓိကရ ကန်တော်မော်ကွန်းတွင်-
နယုန်ဝါလ၊ ကြဲကြပျိုးထောင်
ဝါခေါင်သစ်ဆင်း၊ နှစ်လတွင်းမူ
ဆင်းကြ ယာလယ်၊ တောင်သူမယ်တို့-ဟူ၍ ဖွဲ့ဆိုခဲ့ကြသည်။
ရှေးမြန်မာဘုရင်များလက်ထက်က ဤလတွင် စာတော်ပြန်ပွဲများ ကျင်းပလေ့ရှိကြသည်။ ယခုခေတ်တွင် ကျင်းပသော ပထမပြန်စာမေးပွဲများသည် ထိုနယုန်လ စာတော်ပြန်ပွဲမှ ဆင်းသက်လာသည်။ မြန်မာဘုရင်များသည် စာတော်ပြန်ပွဲများကို ကျင်းပရုံသာမက စိုက်ပျိုးရေးကို အားပေးသောအနေဖြင့် နယုန်လတွင် လယ်ထွန်မင်္ဂလာပွဲကိုလည်း ပြုလုပ်ခဲ့ကြသည်။
ထို့ပြင် ဗုဒ္ဓဘုရားရှင်သည် နယုန်လပြည့်နေ့၌ လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို့အား မဟာသမယသုတ် တော်ကို ဟောတော်မူခဲ့သည်။ ထိုသို့ ဟောတော်မူသည်ကို အစွဲပြု၍ နယုန်လပြည့်နေ့တွင် မဟာသမယ အခါတော်နေ့ပွဲကို ဆင်ယင်ကျင်းပကြသည်။ မဟာသမယ သုတ်တော်ကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်း ပြုကြသည်။
မဟာသမယသုတ်တော်ကို ဘုရားရှင်သည် ကပ္ပိလ၀တ်ပြည်အနီး မဟာဝုန်တောကြီးတွင် သီတင်းသုံး နေထိုင်လျက် ဟောတော်မူသည်။ ထိုအချိန်တွင် သာသနာ့ဘောင်သို့ ၀င်လာကြသော သာကီဝင်မင်းသား ရဟန္တာ ၅၀၀-တို့သည်လည်း အတူရှိနေသည်။ ဘုရားရှင်နှင့် ထိုရဟန္တာများကို ဖူးမြော်လိုကြသဖြင့် နတ်၊ ဗြဟ္မာ၊ အသုရာ၊ နဂါး၊ ဂဠုန် တို့သည် မဟာဝုန်တောကြီးသို့ အုပ်စုလိုက် အုပ်စုလိုက် စုရုံးရောက်ရှိ လာကြသည်။ ထိုကဲ့သို့ လူနတ်ဗြဟ္မာ စသည်တို့ စုရုံးရောက်လာကြသော အခါကာလကို မဟာသမယ-ဟု ခေါ်သည်။
ထိုသို့ နတ်ဗြဟ္မာစုံညီ ရောက်ရှိလာကြသည်ကို ဘုရားရှင်က နှစ်လိုစွာဖြင့် နတ်ဗြဟ္မာတို့၏ အမည်နာမအမျိုးမျိုးကို ထုတ်ဖော်မြွက်ကြား နှုတ်ခွန်းဆက်၍ ဟောကြားတော်မူသော စကားတော်များကို မဟာသမယသုတ်-ဟုခေါ်သည်။
ဤမဟာသမယသုတ်တွင် နတ်ဗြဟ္မာအသီးသီးတို့သည် မိမိတို့၏ အမည်နာမများ ပါရှိသဖြင့် အလွန်ကျေနပ်ကြသည်။ ထိုသုတ်တော်ကို အကြိမ်ကြိမ် နာကြားလိုကြသည်။ မဟာသမယသုတ်သည် နတ်ဗြဟ္မာများ အလွန်ချစ်မြတ်နိုးသော သုတ်တော်ဖြစ်သည်။
ထို့ကြောင့် ဤမဟာသမယသုတ်ကို အစဉ်အမြဲ ရွတ်ဖတ်နေပါက နတ်များ၏ ချစ်ခင်မှုကို ရရှိနိုင်ကြသည်။ အိမ်သစ်၊ တိုက်သစ်၊ နေရာသစ်တို့၌ မင်္ဂလာယူလိုသော ပုဂ္ဂိုလ်တို့သည် ဤမဟာသမယသုတ်ကို ရွတ်ဆိုဖတ်ကြားသင့်ကြောင်း အဋ္ဌကထာဆရာက ပြဆိုထားပေသည်။
ဤကား နယုန်လ၏ လေးစားမြတ်နိုးဖွယ် ထူးခြားသော အကြောင်းအချက်များပင် ဖြစ်ပေသည်။
======================================================
                                      ထူးမြတ် နယုန်
နယုန်လသည် မြန်မာလများတွင် တတိယလ ဖြစ်သည်။ နွေဥတုတွင် ပါဝင်သည်။ နွေရာသီကုန်ဆုံးရန် ၁၅-ရက်မျှသာ ကျန်တော့သဖြင့် စာဆိုပညာရှင်များက ထိုလကို နွေနှောင်းလ၊ နွေစွန်လ-ဟု စာဖွဲ့လေ့ ရှိကြသည်။
နွေနှောင်းလဖြစ်သည့် အလျောက် ကဆုန်လတွင် ခြစ်ခြစ်တောက် ပူပြင်းခဲ့သော နေမင်းသည် နယုန်လတွင် အပူရှိန် အားလျော့လာသည်။ ကောင်းကင်ပြင် တခုလုံးတွင် မိုးသားများ မည်းမှောင်အုံ့ဆိုင်းပြီး မိုးသီးမိုးပေါက်များ ရွာသွန်းတတ်သည်။
ကဆုန်လ၏ အပူရှိန် အောက်၌ ရွက်ခြောက်များကြွေကာ အရိုးပြိုင်းပြိုင်း ဖြစ်နေကြသည့် သစ်ပင်သစ်ကိုင်း များမှာ ရွက်ညွန့်ကလေးများ ထွက်ပြူလာသည်။ စိမ်းစိုလမ်းဆန်းလာကြသည်။ နယုန်လ၏ မိုးသေးမိုးဖွဲ ကလေးများကြောင့် မြေပြင်မှာလည်း မြက်နုကလေးများဖြင့် စိုပြည်လာသည်။ ထို့ကြောင့် ရှေးမြန်မာတို့က နယုန်မိုးသေး မြက်သားမွေး-ဟု ဆိုရိုးပြုကြသည်။ ဖြူစင်ရှင်းသန့်သော စံပယ်ဖြူပန်းတို့လည်း လှိုင်လှိုင် ပွင့်လာကြသည်။
နယုန်လတွင် မိုးသေးမိုးဖွဲကလေးများသာ ရွာသည်မဟုတ်။ တခါတရံ မိုးသည်းထန်စွာ ရွာတတ်သဖြင့် လယ်ယာမြစ်ချောင်း အင်းအိုင်များ ရေအပြည့်အ၀ရကြည်သည်။ ထို့ကြောင့် လယ်သမားတို့သည် ဆန်အတွက် မျိုးစပါးကိုလည်း ပျိုးထောင်ကြသည်။ တောင်သူတို့သည်လည်း ၀ါဂွမ်း၊ ပြောင်း၊ နှမ်း၊ ဂျုံ၊ ပဲမျိုးစုံတို့ကို ကြဲကြသည်။ လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်ကြသည်။
ထို့ကြောင့် စိန္တကျော်သူ ဦးသြက မဟာအဓိကရ ကန်တော်မော်ကွန်းတွင်-
နယုန်ဝါလ၊ ကြဲကြပျိုးထောင်၊
ဝါခေါင်သစ်ဆင်း၊ နှစ်လတွင်းမူ၊
ဆင်းကြ ယာလယ်၊ တောင်သူမယ်တို့-ဟူ၍ ဖွဲ့ဆိုခဲ့သည်။
ရှေးမြန်မာဘုရင်များလက်ထက်က ဤလတွင် စာတော်ပြန်ပွဲများ ကျင်းပလေ့ရှိကြသည်။ ယခုခေတ်တွင် ကျင်းပသော ပထမပြန်စာမေးပွဲများသည် ထိုနယုန်လ စာတော်ပြန်ပွဲမှ ဆင်းသက်လာသည်။ မြန်မာဘုရင်များသည် စာတော်ပြန်ပွဲများကို ကျင်းပရုံသာမက စိုက်ပျိုးရေးကို အားပေးသောအနေဖြင့် နယုန်လတွင် လယ်ထွန်မင်္ဂလာပွဲကိုလည်း ပြုလုပ်ခဲ့ကြသည်။
ထို့ပြင် ဗုဒ္ဓဘုရားရှင်သည် နယုန်လပြည့်နေ့၌ လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို့အား မဟာသမယသုတ်တော်ကို ဟောတော်မူခဲ့သည်။ ထိုသို့ ဟောတော်မူသည်ကို အစွဲပြု၍ နယုန်လပြည့်နေ့တွင် မဟာသမယ အခါတော်နေ့ ပွဲကို ဆင်ယင်ကျင်းပကြသည်။ မဟာသမယ သုတ်တော်ကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်း ပြုကြသည်။
မဟာသမယသုတ်ကို ဘုရားရှင်သည် ကပ္ပိလ၀တ်ပြည်အနီး မဟာဝုန်တောကြီးတွင် သီတင်းသုံးနေထိုင်လျက် ဟောတော်မူသည်။ ထိုအချိန်တွင် သာသနာ့ဘောင်သို့ ၀င်လာကြသော သာကီဝင်မင်းသား ရဟန္တာ ၅၀၀-တို့သည်လည်း အတူရှိနေသည်။ ဘုရားရှင်နှင့် ထိုရဟန္တာများကို ဖူးမြော်လိုကြသဖြင့် နတ်၊ ဗြဟ္မာ၊ အသုရာ၊ နဂါး၊ ဂဠုန် တို့သည် မဟာဝုန်တောကြီးသို့ အုပ်စုလိုက်၊ အုပ်စုလိုက် စုရုံးရောက်ရှိလာကြသည်။ ထိုကဲ့သို့ လူနတ်ဗြဟ္မာ စသည်တို့ စုရုံးရောက်ရှိလာကြသောအခါထိုကာလကို မဟာသမယ-ဟု ခေါ်သည်။
ထိုသို့ နတ်ဗြဟ္မာစုံညီ ရောက်ရှိလာကြသည်ကို ဘုရားရှင်က နှစ်လိုစွာဖြင့် နတ်ဗြဟ္မာတို့၏ အမည်နာမ အမျိုးမျိုးကို ထုတ်ဖော်မြွက်ကြား နှုတ်ခွန်းဆက်၍ ဟောကြားတော်မူသော စကားတော်များကို မဟာသမယသုတ်-ဟု ခေါ်သည်။
ဤမဟာသမယသုတ်တွင် နတ်ဗြဟ္မာအသီးသီးတို့သည် မိမိတို့၏ အမည်နာမများ ပါရှိသဖြင့် အလွန်ကျေနပ်ကြသည်။ ထိုသုတ်တော်ကို အကြိမ်ကြိမ် နာကြားလိုကြသည်။ မဟာသမယသုတ်သည် နတ်ဗြဟ္မာများ အလွန်ချစ်မြတ်နိုးသော သုတ်တော်ဖြစ်သည်။
ထို့ကြောင့် ဤမဟာသမယသုတ်ကို အစဉ်အမြဲ ရွတ်ဖတ်နေပါက နတ်များ၏ ချစ်ခင်မှုကို ရရှိနိုင်ကြသည်။ အိမ်သစ်၊ တိုက်သစ်၊ နေရာသစ်တို့၌ မင်္ဂလာယူလိုသော ပုဂ္ဂိုလ်တို့သည် ဤမဟာသမယသုတ်ကို ရွတ်ဆိုဖတ်ကြားသင့်ကြောင်း အဋ္ဌကထာဆရာက ပြဆိုထားပေသည်။
ဤကား နယုန်လ၏ လေးစားမြတ်နိုးဖွယ် ထူးခြားသော အကြောင်းအချက်များပင် ဖြစ်ပေသည်။
====================================================
                            ကဆုန်လပြည့် ဗုဒ္ဓနေ့
ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်သည်။ ထိုနေ့၏ ထူးခြားချက်ကား-
၁။ ဘုရားအလောင်းတော် သုမေဓာ ရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ခံယူခြင်း။
၂။ မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားတော်မူခြင်း။
၃။ မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူခြင်း။
၎။ မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းတို့ ဖြစ်လေသည်။
ထိုကဲ့သို့ ဘုရားရှင်၏ ဖြစ်တော်စဉ်တွင် ထူးခြားမှတ်သားထိုက်သော ဤကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ဟူ၍ သတ်မှတ်ကြသည်မှာ အလွန်သင့်မြတ်လှပေသည်။ ထို့ပြင် ဤနေ့ဤအခါ၌ သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရတော်မူရန် ဗုဒ္ဓဘုရားရှင် အားထုတ်ရာ အမှီသဟဲ ပြုတော်မူသော ဗောဓိပင်ကို ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကိုလည်း ပြုကြသည်။
ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လတ်၍ ညှိုးလျော်အံ့သော ဗောဓိပင်ကို လန်းဆန်းစိုပြည်စေရန် ဖြစ်သည်။
ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့အဖို့ ပျောက်ကွယ်သွားခြင်းမရှိဘဲ ယခုထက်တိုင် နှစ်စဉ်အမြဲ ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများပြုလုပ်လျက်ရှိကြသည်။ မြန်မာဗုဒ္ဓဘာသာဝင်တို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ကောင်းများ ဖြစ်သည်။
ဤနေ့ထူးနေ့မြတ်တွင် ဗုဒ္ဓဘုရားရှင်ကို ဦးထိပ်ထားလျက် ရိုးရာဓလေ့ကောင်းများကို ကျင့်သုံးရာမှ ကျွန်ုပ်တို့သည် ဗုဒ္ဓဘုရားရှင်၏ အဆုံးအမကို ကျင့်ကြံပွားများ အားထုတ်သင့်ပေသည်။ ယင်းကား အခြားမဟုတ်၊ မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်၍ စိတ်ကို ဖြူစင်အောင် ထားရှိခြင်းပင် ဖြစ်သည်။
သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။
သစိတ္တ ပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။
(မကောင်း ရှောင်၊ ကောင်းမှု ဆောင်၊ ဖြူအောင် စိတ်ကိုထား)
==============================================
                         ဗုဒ္ဓဘုရားရှင်နှင့် တပေါင်းလ
တပေါင်းလသည် မြန်မာလများတွင် ၁၂-လမြောက်ဖြစ်သည်။ တနှစ်တာ၏ နောက်ဆုံးလဖြစ်သည်။ တပေါင်းလ၏ ပထမလ၀က်သည် ဆောင်းရာသီတွင် ကျရောက်သည်။ ဒုတိယလ၀က်ကား နွေရာသီတွင် ကျရောက်သည်။ ဆောင်းကူးနွေစ သာယာလှသော လရာသီဖြစ်သည်။ ထို့ကြောင့် ခေတ်အဆက်ဆက် စာဆိုတို့သည် တပေါင်းလ၏အလှကို ရေးဖွဲကြသည်မှာ ယနေ့တိုင်ဖြစ်သည်။
ရှေးယခင်က တပါင်းလပွဲတော်သည် သဲပုံစေတီပွဲတော် ဖြစ်သည်။ သဲပုံစေတီပွဲတော်သည် ပုဂံခေတ် (သို့မဟုတ်) ပုဂံခေတ်မတိုင်မီကပင် ပေါ်ပေါက်ခဲ့သည်ဟု အချို့က ဆိုကြသည်။ နောက်ပိုင်းတွင် သဲပုံစေတီပွဲတော် ကျင်းပသည့်ဓလေ့ တဖြည်းဖြည်း မှေးမှိန်သွားသည်။ တပေါင်းလပြည့်နေ့တွင် ဘုရားပွဲတော်များ ကျင်းပသည့် ဓလေ့ ခေတ်စားလာခဲ့သည်။ ထိုသို့ ဘုရားပွဲတော် ကျင်းပခြင်းကိုပင် တပေါင်းလပွဲတော်ဟု ခေါ်ကြသည်။
တပေါင်းလသည် ရာသီဥတု သာယာသည်နှင့်အမျှ သာသနာရေးတွင်လည်း မှတ်တမ်းတင်သင့်သော ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။
ဗုဒ္ဓဘုရားရှင်လက်ထက်တော်က ဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ဝေဠုန်ဝန်ကျောင်းတော်၌ သီတင်းသုံးကာ အင်္ဂတိုင်းနှင့် မဂဓတိုင်းမှ ဒကာ ဒကာမများအား တရားရေအေးတိုက်ကျွေးလျက်ရှိသည်။ ထိုသတင်းကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ကြားသိသောအခါ သားတော်ဘုရားကို ဖူးတွေ့ချင်နေသည်။ ထို့ကြောင့် အမတ်တယောက်အား အခြွေအရံတထောင်နှင့်အတူ စေလွှတ်၍ ပင့်ခိုင်း၏။ ထိုအမတ်သည် ဗုဒ္ဓထံ ရောက်လာရာမှ တရားတော်ကိုနာရ၍ အခြွေအရံတို့နှင့်အတူ ရဟန်းပြုသွားသည်။ သုဒ္ဓေါဒနမင်းကြီးထံ ဘုရားရှင်ကြွရောက်တော်မူရန် မပင့်ဖြစ်ချေ။ မင်းကြီးလည်း နောက်ထပ်၍ အမတ်တို့ကို အခြွေအရံ တထောင်စီဖြင့် ကိုးကြိမ်တိုင်အောင် စေလွှတ်ခဲ့သည်။ သို့သော် အားလုံး ရဟန်းပြု၍ နေကြပြန်သည်။
ဆယ်ကြိမ်မြောက်တွင်မူ ဗုဒ္ဓဘုရားရှင်နှင့် ဖွားဖက်တော်ဖြစ်သော ကာဠုဒါယီအမတ်ကို စေလွှတ်သည်။ ကာဠုဒါယီအမတ်သည်လည်း ရှေးကအမတ်များနှင့်နည်းတူပင် နောက်ပါများနှင့်တကွ ရဟန်းပြုပြန်သည်။ သို့ရာတွင် ခရီးလမ်းပန်းသာယာသော တပေါင်းလအချိန်သို့ ရောက်သောအခါတွင်ကား လမ်းခရီးသာယာပုံ တပေါင်းအလှကို ဂါထာပေါင်း ၆၀-ဖြင့် ဖွဲ့နွဲ့ကာ ကပိလ၀တ်ပြည်သို့ ကြွပါမည့်အကြောင်း ဘုရားရှင်အား လျှောက်ထားတောင်းပန်သည်။ ဗုဒ္ဓဘုရားရှင်လည်း လက်ခံကာ တပေါင်းလပြည့်နေ့၌ ကပိလ၀တ်ပြည်သို့ ကြွတော်မူခဲ့သည်။
ဘုရားရှင် ကပိလ၀တ်နေပြည်တော်သို့ ကြွတော်မူခြင်းကြောင့် နိဂြောဓာရုံကျောင်းကြီး ပေါ်ပေါက်လာသည်။ ဂါထာ ၁၀၀၀-ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို ဟောတော်မူခဲ့သည်။
ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည်လည်း မဟာဓမ္မပါလဇာတ်တော်ကြီးကို ကြားနာရသဖြင့် အနာဂါမ် တည်ခဲ့သည်။ နောင်အခါ အရဟတ္တဖိုလ် တည်သွားသည်။
ဗုဒ္ဓဘုရားရှင် ကပိလ၀တ်ပြည်သို့ ကြွရောက်တော်မူ၍ တရားဟောတော်မူသဖြင့် မိထွေးတော်ဂေါတမီသည်လည်း သောတာပန်တည်သည်။
ယသော်ဓရာကို အကြောင်းပြု၍ စန္ဒကိန္နရီဇာတ်တော်ကိုလည်း ဘုရားဟောောတ်မူခဲ့သည်။ ညီတော်နန္ဒမင်းသား ရဟန်းပြုဖြစ်သည်။ သားတော်ရာဟုလာ သာမဏေဘ၀သို့ ရောက်ရှိသည်။ သာကီဝင်မင်းသားတထောင် ရဟန်းဘောင်သို့ ရောက်ရှိသည်။ ဆွေမျိုးတို့ ဘုရားရှင်ကို ကြည်ညိုစေရန် ဆောင်ရွက်ရာ၌ အထူးအောင်မြင်သဖြင့် ကာဠုဒါယီမထေရ်အား ကုလပ္ပသာဒ ဧတဒဂ်ဘွဲ့ ချီးမြှင့်တော်မူခဲ့သည်။
တပေါင်းလပြည့်နေ့သည် ဘုရားရှင် ပြည်တော်ဝင်ရန် စတင်ကြွလှမ်းသောနေ့ဖြစ်သဖြင့်လည်း ထိုနေ့ကို အကြောင်းပြု၍ သာသနာတော်၌ ထူးခြားသော ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။
ထို့ပြင် မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့် ဗုဒ္ဓဟူးနေ့တွင် သိကြားမင်း၊ ဥက္ကလာပမင်းကြီး တပုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်တို့ကြီးမှူး၍ ရွှေတိဂုံစေတီတော်ကြီး တည်ထားခဲ့သည်ဟု သမိုင်းကဆိုသည်။
ဤကား တပေါင်းလကို အကြောင်းပြု၍ သာသနာတော်၌ ထူးခြားသော မှတ်တိုင်ကြီးများ ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပေသည်။
========================================================
                           သာမညဖလ အခါတော်နေ့
မြန်မာ့ရိုးရာ ၁၂-လရာသီပွဲတော်များအနက် တန်ဆောင်မုန်းလသည် တမူထူးခြားသည်။ ထိုလတွင် တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ ကထိန်သင်္ကန်း အလှူပွဲတော်၊ မသိုးသင်္ကန်း ရပ်လုပ်ပူဇော်ပွဲတော်၊ မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊ ကျီးမနိုးပွဲတော်၊ သာမညဖလအခါတော်နေ့ ပွဲတော်တို့ကို ကျင်းပလေ့ရှိသောကြောင့်ဖြစ်သည်။
ယင်းတို့အနက် သာမညဖလအခါတော်နေ့ ပွဲတော် ကျင်းပခြင်း၏ အကြောင်းရင်းကို တင်ပြလိုပါသည်။
အဇာတသတ်မင်းသည် ဒေ၀ဒတ်နှင့် ပေါင်းမိသဖြင့် ခမည်းတော် ဗိမ္ဗိသာရမင်းကို သတ်ခဲ့မိသော အချိန်မှစ၍ အိပ်မပျော်သော ရောဂါဝေဒနာ စွဲကပ်ခဲ့သည်။ သူ၏မျက်လုံးတို့ကို လှံချက်ပေါင်း အရာအထောင်တို့ဖြင့် ထိုးဆွခြင်းခံရသလို ဝေဒနာစွဲကပ်ခဲ့သည်။ ထိုဝေဒနာ ပျောက်ကင်းအောင် မည်သည့်ဆေးနှင့်မှ ကုစား၍မရ ဖြစ်နေသည်။ ထိုအခါ ဝေဒနာကို ကုစားရန်အတွက် အမတ်များ၏ အကြံပေးချက်အရ တိတ္ထိဆရာကြီး ၆-ယောက်တို့ထံ ရှေးဦးစွာ ရောက်သွားသည်။
သို့ရာတွင် တိတ္ထိဆရာကြီး ၆-ဦးသည် အဇာတသတ်မင်း၏ ရောဂါဝေဒနာကို ပျောက်ကင်းရန် နည်းပေးလမ်းညွှန်မှု မပြုနိုင်ပေ။ ထိုမျှသာမက အဇာတသတ်မင်း စိတ်ချမ်းသာရာ ချမ်းသာကြောင်းလည်း မဟောပြောနိုင်ခဲ့ပေ။ နောက်ဆုံးတွင် သမားတော်ကြီး ဇီဝက၏ အကူအညီဖြင့် အဇာတသတ်မင်းသည် မြတ်စွာဘုရားထံသို့ ရောက်သွားခဲ့သည်။ ဤတွင် မြတ်စွာဘုရားက အဇာတသတ်မင်းအား သာမညဖလတရားတော်ကို ဟောပြောတော်မူသည်။
သာမညဖလ တရားတော်ကို နာကြားလိုက်ရသည့်အတွက် အဇာတသတ်မင်းအဖို့ အိပ်မပျော်သော ရောဂါဝေဒနာလည်း ငြိမ်းအေးပျောက်ကွယ်သွားသည်။ ထိုမျှမက ခမည်းတော်ကို သတ်ခဲ့မိသော သူ၏အမှားကိုလည်း ကြီးစွာနောင်တရခဲ့သည်။ သတိတရားရခဲ့သည်။ ထိုမှတဆင့်တက်၍ ဗုဒ္ဓသာသနာတော်ကို အသက်ပေးကြည်ညိုသူ ဖြစ်လာသည်။
ပထမသင်္ဂါယနာတင်ပွဲကြီး ဖြစ်မြောက်အောင် ကူညီခဲ့သည်။ နှောင်းခတ် ဗုဒ္ဓဘာသာဝင်များအတွက် ဓာတ်တော် များကို စနစ်တကျ သိမ်းဆည်းထားခဲ့သည်။ ဗုဒ္ဓသာသနာတော်နှစ်ကို အတိအကျ သတ်မှတ်ပေးခဲ့သည်။ ခမည်းတော်ကို သတ်ခဲ့သဖြင့် အပြစ်ကြီးလေးသော မဟာအ၀ီစီငရဲ၌ မခံရတော့ဘဲ အပြစ်ပေါ့သော လောဟကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်းသာ ခံရတော့သည်။ ငရဲမှလွတ်ပြီး နောက်အနာဂတ်ကာလ၌ ၀ိဇိတာဝီအမည်ဖြင့် ပစ္စေကဗုဒ္ဓါဖြစ်ပြီး ကျွတ်တမ်းဝင်ပေတော့မည်။
ဤကား သာမညဖလသုတ်ကို နာကြားရသဖြင့် အကျိုးကျေးဇူးကို ရရှိသော အဇာတသတ်မင်း၏ ဖြစ်ရပ်မှန်ပင် ဖြစ်သည်။ ဤတွင် သာမညဖလတရားတော်နှင့် ပတ်သက်၍ ကျွန်ုပ်တို့ သိနားလည်သင့်သည်ဟု ခံယူမိသည်။ သာမညဖလဟူသည် ရဟန်းပြုခြင်း၏ အကျိုးများကို ဖော်ပြချက်ဖြစ်သည်။
ရဟန်းပြုခြင်းဖြင့်-
(၁) မင်းခစားဘ၀နှင့် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ခြင်း။
(၂) အခွန်ထမ်းဆောင်မှု ကင်းလွတ်ခြင်း။
(၃) ပါတိမောက္ခ သံဝရသီလနှင့် ပြည့်စုံသဖြင့် အပါယ်ဘေးမှ ကင်းဝေးခြင်း။
(၄) ဒုစရိုက်ကို ရှောင်သဖြင့် ဒုစရိုက်ဒုက္ခမှ ကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံခြင်း။
(၅) ပွဲသဘင်အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး၊ မကောင်းသော စကား အမျိုးမျိုးတို့မှ ရှောင်ကြဉ်သဖြင့် ထိုဒုက္ခများမှ ကင်းလွတ်၍ ပဉ္စမသီလနှင့် ပြည့်စုံခြင်း။
(၆) နက္ခတ်၊ ဗေဒင်၊ ယတြာ၊ လက္ခဏာ၊ ဆေးကုခြင်း စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝပါရိသုဒ္ဓိသီလနှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်း။
(၇) ဣနြေ္ဒခြောက်ပါး၌ အကုသိုလ်မဖြစ်အောင် စောင့်စည်းနိုင်ခြင်း။ သတိနှင့်ပြည့်စုံခြင်း။
(၈) သမ္ပဇင်-(ဆင်ခြင်တုံ)-တရားနှင့် ပြည့်စုံခြင်း။
(၉) သန္တောသ-(ရောင့်ရဲခြင်း)-ရှိခြင်း။
(၁၀) နီဝရဏ-ဈာန်အစရှိသော ကုသိုလ်တရားများကို တားမြစ်ပိတ်ပင်တတ်သော နီဝရဏတရား-ငါးပါးမှ ကင်းလွတ်ခြင်း။
(၁၁) ဈာန်တရား ရနိုင်ခြင်း။
(၁၂) ၀ိဇ္ဇာရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရနိုင်ခြင်း အကျိုးတရားတို့ ဖြစ်ပေသည်။
ဤရဟန်းပြုခြင်း၏ အကျိုးများကို မြတ်စွာဘုရားက ဟောပြောတော်မူခဲ့သည်။ အဇာတသတ်မင်းနှင့်တကွ ကြားနာရသူအပေါင်းသည်၎င်း၊ ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာဝင်တို့သည်၎င်း၊ ရဟန်းပြုခြင်း၏ အကျိုးများကို နာယူမှတ်သားခွင့် ရခဲ့ကြသည်။ ထိုသို့ နာယူမှတ်သားခွင့်ရသဖြင့်လည်း ခေတ်အဆက်ဆက် ပါရမီရှင် ပုဂ္ဂိုလ်များသည် ရဟန်းပြုလာခဲ့ကြသည်။ ထိုထိုရဟန်းများကိုလည်း ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များက ဆည်းကပ်ကိုးကွယ်လာခဲ့ကြသည်။
ထိုသာမညဖလသုတ်ခေါ် (ရဟန်းပြုခြင်း၏ အကျိုးတရားကို) မြတ်စွာဘုရားသည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် ဟောပြောတော်မူသည်ကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ဟု သတ်မှတ်ကျင်းပကြခြင်း ဖြစ်သည်။
ထိုထိုအကြောင်းများကို လေ့လာဆည်းပူး၍ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များသည် သံဃာတော်များကို ပိုမိုလေးစားကြည်ညို ဆည်းကပ်ကိုးကွယ်ခြင်း ပြုအပ်ပေသည်။
======================================================
ဗုဒ္ဓဘာသာဝင်များအတွက် ၀ါဆိုလပြည့်နေ့သည် နေ့ထူးနေ့မြတ် ဖြစ်သည်။
ဝါဆိုလပြည့်နေ့တွင် ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် တုသိတာနတ်ပြည်မှ သက်ဆင်း၍ လူ့ပြည်၌ ပဋိသန္ဓေတည်ခဲ့သည်။
ဝါဆိုလပြည့်နေ့မှာပင် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် တောထွက်တော်မူခဲ့သည်။
ထို့ပြင် ၀ါဆိုလပြည့်နေ့မှာပင် ဘုရားရှင်သည် ပဉ္စ၀ဂ္ဂီ ၅-ဦးကို ဓမ္မစကြာတရားဦး ဟောတော်မူခဲ့သည်။
ထိုမျှမက ၀ါဆိုလပြည့်နေ့မှာပင် ဘုရားရှင်သည် သာဝတ္ထိပြည် သရက်ဖြူပင်ရင်း၌ တိတ္ထိများကို နှိမ်နင်း၍ တန်ခိုးပြာဋိဟာ ပြတော်မူခဲ့သည်။
( သန္ဓေ, တောထွက်, ဓမ္မစက်, ဟောမြွက်သံချို လ-၀ါဆို)
ထိုထိုအကြောင်းများကြောင့် ၀ါဆိုလပြည့်နေ့ကို ဗုဒ္ဓဘာသာဝင်တို့က နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
ဤနေ့ထူးနေ့မြတ်တွင် ပါဝင်သော ဓမ္မစကြာတရား ဟောတော်မူသည့် ၀ါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့ဟူ၍ သတ်မှတ်ထားသည်။
ဘုရားရှင်သည် ဓမ္မစကြာတရားတော်ကို မိဂဒါဝုန်တောရှိ ပဉ္စ၀ဂ္ဂီ ၅-ဦးကို ဟောပြောတော်မူခဲ့သည်။
ယင်းသို့ဟောပြောရာတွင် ပဉ္စ၀ဂ္ဂီ ၅-ဦးနှင့်အတူ နတ်ဗြဟ္မာ ၁၈-ကုဋေတို့ နာယူကြသည်ဟူ၍ ကျမ်းဂန်၌ ဆိုထားသည်။
ဓမ္မစကြာတရားခေါ် ဓမ္မစကြာသုတ္တန်သည် အလွန်ထူးမြတ်သည်။ ဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ဦးဦးဖြားဖြား ဟောကြားတော်မူသော တရားဒေသနာတော် ဖြစ်သည်။ ဤဓမ္မစကြာသုတ္တန်ကို ပိဋကတ်ကျမ်းဂန်များ၌ ဓမ္မစက္က ပ၀တ္တန သုတ္တန်ဟူ၍ ခေါ်ဆိုထားသည်။
ဓမ္မစကြာတရားတော်တွင် ရှေးဦးစွာ ၀ဲယာအစွန်း နှစ်ပါးကို ရှောင်ကြဉ်ရန် ဟောပြောထားသည်။ ၀ဲယာအစွန်းနှစ်ပါး ဟူသည် ကာမသုခလ္လိကာနုယောဂ တည်းဟူသော ကာမဂုဏ်ချမ်းသာတို့ကို ခံစားပျော်ပါးခြင်း၊
အတ္တကိလမထာနုယောဂ တည်းဟူသော မိမိကိုယ်ကို ဒုက္ခပေး၍ ကျင့်ကြံအားထုတ်ခြင်း၊
ယင်း ၂-ပါးတို့ကို ရှောင်ကြဉ်၍ နိဗ္ဗာန်ချမ်းသာ ရရှိရေးအတွက်ကို မဇ္ဈိမာပဋိပဒါ အလယ်လမ်းစဉ် ဖြစ်သော မဂ္ဂင်ရှစ်ပါးကို ကျင့်ကြံအားထုတ်ရန် ညွှန်ပြတော်မူသည်။
မဂ္ဂင်ရှစ်ပါး ဟူသည်-
(၁) သမ္မာ ဒိဋ္ဌိ=ကောင်းမြတ်စင်ကြယ်သော သိမြင်မှု။
(၂) သမ္မာ သင်္ကပ္ပ=ကောင်းမြတ်စင်ကြယ်သော ကြံစည်မှု။
(၃) သမ္မာ ၀ါစာ=ကောင်းမြတ်စင်ကြယ်သော ၀စီကံမှု။
(၄) သမ္မာ ကမ္မန္တ=ကောင်းမြတ်စင်ကြယ်သော ကာယကံမှု။
(၅) သမ္မာ အာဇီဝ=ကောင်းမြတ်စင်ကြယ်သော အသက်မွေးမှု။
(၆) သမ္မာ ၀ါယာမ=ကောင်းမြတ်စင်ကြယ်သော အားထုတ်မှု။
(၇) သမ္မာ သတိ=ကောင်းမြတ်စင်ကြယ်သော အောက်မေ့မှု။
(၈) သမ္မာ သမာဓိ=ကောင်းမြတ်စင်ကြယ်သော တည်ကြည်မှု-တို့ ဖြစ်သည်။
ထို့နောက် ဆက်လက်၍ သစ္စာလေးပါးကို ဟောတော်မူသည်။
သစ္စာလေးပါးကား-
(၁) ဆင်းရဲအမှန်ဟူသော ဒုက္ခသစ္စာ။
(၂) ဆင်းရဲဖြစ်ကြောင်းအမှန်ဟူသော သမုဒယသစ္စာ။
(၃) ဆင်းရဲချုပ်ငြိမ်းရာအမှန်ဟူသော နိရောဓသစ္စာ။
(၄) ဆင်းရဲချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအမှန်ဟူသော မဂ္ဂသစ္စာ-ဟူ၍ ဖြစ်ပါသည်။
ဘုရားရှင်က ဤတရားတို့ကို ပူဇော်မှု၊ ယုံကြည်မှု သက်သက်မျိုး မဟုတ်ဘဲ ကိုယ်တိုင် ကျင့်ကြံပွားများ အားထုတ်ရမည်ဟူ၍လည်း ညွှန်ပြထားတော်မူသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဤနေ့ထူးနေ့မြတ်ဖြစ်သော ၀ါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် ဓမ္မစကြာတရားတော်ကို ဆင်ခြင်သုံးသပ်၍ ကိုယ်တိုင် တတ်စွမ်းသမျှ ကျင့်ကြံပွားများ အားထုတ်သင့်ပေသည်။ အထူးသဖြင့် သစ္စာလေးပါးတွင်
ဒုက္ခသစ္စာကို ပိုင်းခြား၍ သိရမည်။
သမုဒယသစ္စာကို ပယ်ရမည်။
နိရောဓသစ္စာကို မျက်မှောက်ပြု(ဆိုက်ရောက်)ရမည်။
မဂ္ဂသစ္စာကို ပွားများရမည်-ဟူသော အချက် ၄-ချက်ကို ခန္ဓာဉာဏ်ရောက် နှလုံးသွင်း၍ လေ့လာမှတ်သား ပြုကျင့်သင့်ပေသည်။
ဤသစ္စာလေးပါးတရားကို ခန္ဓာဉာဏ်ရောက် သိရှိနိုင်ရန်အတွက် ၀ိပဿနာတရားစခန်းများသို့ ၀င်ရောက်အားထုတ်ပြီးနောက် နေ့စဉ် အချိန်အားလပ်ခွင့်ရတိုင်း တရားအားထုတ် ရှုမှတ်သင့်သည်ဟုလည်း ကျွန်ုပ်တို့ ခံယူမိပါသည်။
====================================================
                              ကဆုန်လပြည့် ဗုဒ္ဓနေ့
ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။
(၁) ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။
(၂) မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။
(၃) မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။
(၄) မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။
ဤသို့ ထူးခြားချက် ၄-ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဘုရားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်ပေသည်။
ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲပင် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိကြသည်။
ဗုဒ္ဓဘာသာဝင်တို့၏ ကောင်းမြတ်သော အစဉ်အလာဖြစ်၍ ကျွန်ုပ်တို့ ၀မ်းမြောက်ဝမ်းသာကြိုဆိုပါသည်။ ဤသို့ကြိုဆိုရာမှ ဗုဒ္ဓနေ့ကို အကြောင်းပြု၍ ဗုဒ္ဓဘုရားရှင်၏ ဂုဏ်တော်ကို အထူးအောက်မေ့ နှလုံးသွင်းလျက် ဗုဒ္ဓတရားတော်ကို ထာဝစဉ် ပိုမိုကျင့်ကြံအားထုတ်သင့်ကြောင်း ကျွန်ုပ်တို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
========================================================
                         ဒုဋ္ဌဂါမဏိမင်း အဓိဋ္ဌာန်
အတ္တသုခါယ ၀ါယမော၊ နေသော မမ ကဒါစိပိ။
သမ္ဗုဒ္ဓ သာသနေဿဝ၊ ဌပနာယ အယံ မမ။ ( မဟာဝင်)
မမ=အမျိုးဘာသာ သာသနာနှင့် ပညာစီးပွား အကျိုးများကို တိုးပွားစေလို ဤငါ့ကိုယ်၏။
အတ္တသုခါယ=မိမိတွက်သာ တသက်လျှာမျှ ချမ်းသာသုခ ပြည့်ဝဖို့အကျိုးငှါ။
ဧသော ၀ါယမော=သို့ကလောက်ပြင်းပြ ဇွဲလုံ့လဖြင့် နေ့ညမအား လွန်ကြိုးစားခြင်းသည်။
ကဒါစိပိ= နေ့စဉ်မှန်မှန် ပြုဖို့ရန်များ မဆိုထားဘိ စိတ်အားဖြင့်ကြံ တခါတရံမျှလည်း။
န ဟောတိ=စင်စစ် မဖြစ်ပါချေ။
မမ=ငါ၏။
အယံ ၀ါယမော=ရှေးရှေးအလောင်း သူတော်ကောင်းတို့ ထုံးဟောင်းရည်မှန်း ဤကြိုးပမ်းခြင်းသည်။
သမ္ဗုဒ္ဓ သာသနဿ=ဗုဒ္ဓဘုရား တည်ထောင်ထားသည့် အများတွက်တာ သာသနာတော်ကြီးကို။
ဌပနာယ ဧ၀=မြဲမြံခိုင်ကြံ့ တည်တံ့စေခြင်း အကျိုးငှါသာလျှင်။
ဟောတိ=စိတ်ဖြင့်လည်းကြံ နှုတ်ဖြင့်အံလျက် အမှန်ပင် ဖြစ်ပါပေ၏။
                       ဗုဒ္ဓဃောသ ဆုတောင်း ၄-ချက်
                       စိရံ တိဋ္ဌတု သဒ္ဓမ္မော၊ ဓမ္မေ ဟောန္တု သဂါရ၀ါ။
                       သဗ္ဗေပိ သတ္တာ ကာလေန၊ သမ္မာ ဒေဝေါ ပ၀ဿတု။
(၁)
သဒ္ဓမ္မော=ပရိယတ် ပဋိပတ် ပဋိဝေဓဟု သဒ္ဓမ္မတွင်ခေါ် သာသနာတော် သုံးရပ်သည်။
စိရံ=အနှစ်ငါးထောင် မြားမြောင်ရှည်ကြာ အခါကာလပတ်လုံး။
တိဋ္ဌတု=၀ိတဏ္ဍ၀ါဒီ ရန်မသီဘဲ လျှံခြည်ဝေရွှမ်း နေစက်ဝန်းသို့ တည်ထွန်းတောက်ပပါစေသတည်း။
(၂)
သဗ္ဗေပိ=ကြွင်းမဲ့ဥဿုံ အလုံးစုံလည်းဖြစ်ကုန်သော။
သတ္တာ=လူ နတ် ဗြဟ္မာ သတ္တ၀ါတို့သည်။
ဓမ္မေ=ရှင်စောဘုရား ဟောကြားမြွက်ဖော် တရားတော်၌။
သဂါရ၀ါ ဟောန္တု=ကိုးကွယ်ရာစစ် ဧကန်ဖြစ်ဟု နစ်နစ်ကာကာ ယုံကြည်စွာဖြင့် ပညာဆီမီး ထွန်းညှိသီး၍ ကျောက်ထီးအတူ အလေးမူကြပါစေကုန်သတည်း။
(၃)
ဒေဝေါ=လူသူအပေါင်း ပွားစည်းညောင်းအောင် ကြောင်းရင်းမှန်တုံ ကျေးဇူးပုံသား ပဇ္ဇုန်ခေါ်လျှင်း မိုးနတ်မင်းသည်။
ကာလေန=ရွာချိန်သင့်ရာ ညဥ့်အခါ၌။
ပ၀ဿတု=အရည်ထန်စွာ မြို့ပြည်ရွာတို့ သာယာတင့်မော စည်ပင်ပြောအောင် ဖြောဖြောဝှန်ဝှန် ရွာဖြိုးသွန်းပါစေသတည်း။
(၄)
ယထာ ရက္ခိံသု ပေါရာဏာ၊ သုရာဇာနော တထေ၀ိမံ။
ရာဇာ ရက္ခတု ဓမ္မေန၊ အတ္တနောဝ ပဇံ ပဇံ။
ပေါရာဏာ=ရှေးအထက်ကျော် အခါတော်က တေဇော်ထွန်းသစ် ဘုန်းရောင်လှစ်ကြကုန်သော။
သုရာဇာနော=မဟာသမ္မတ ဤသို့စသည့် ဘုရားအလောင်း ရှေးမင်းကောင်းတို့သည်။
ပဇံ=တိုင်းသားပြည်သူ ဗိုလ်လူအပေါင်းကို။
ဓမ္မေန=ရာဇဓံဆယ်ပါး မင်းကျင့်တရားဖြင့်။
ရက္ခိံသု ယထာ=မိဘအရာ တည်နေကာဖြင့် ပြစ်ဆာမလိမ်း ရန်မာန်ငြိမ်းအောင် ထိန်းသိမ်းစောင့်ရှောက်ကုန်သကဲ့သို့။
တထေ၀=ထိုဘုရားအလောင်း ရှေးမင်းကောင်းတို့ အတူသာလျှင်။
ရာဇာ=နှလုံးဉာဏ်ရည် လက်ရုံးရည်ဖြင့် မြန်ပြည်ထောင်စု စိုးမိုးပြုသား သမုတိနတ် တို့မင်းမြတ်သည်။
ဣမံ ပဇံ=မေတ္တာချည်နှောင် ညီနှင့်နောင်ဟု ပြည်ထောင်စုသား ဤလူများကို။
ဓမ္မေန=ရာဇဓံဆယ်ပါး မင်းကျင့်တရားဖြင့်။
အတ္တနော ပဇံ ဣ၀=ရင်မှပေါက်ဖွား မိမိသားကဲ့သို့။
ရက္ခတု=မေတ္တာ ကရုဏာ ဖြန့်ချိကာဖြင့် သဒ္ဓါဆော်နှိုး ဗြဟ္မစိုရ်မိုးကို စွေဖြိုးသွန်ကာ တိုင်းရပ်သာအောင် ပညာဝုန်တောက် တံခွန်ဆောက်၍ စောင့်ရှောက်ချီးပင့်နိုင်ပါစေသတည်း။
( အဋ္ဌသာလိနီကျမ်း နိဂုံးမှ ဖြစ်၍ မဟာဗုဒ္ဓ၀င် ဆဋ္ဌမတွဲ ဒုတိယပိုင်းမှ အနက်ပြန် ဖြစ်ပါသည်။)
===================================================
                   အောင်တော်မူဘုရားရှိခိုး ဂါထာတော်
                    ဥုံ နမော တေ ၀ိဇေတုံ မေ၊ ဇယတော ဒဒတော ဇယံ။
                    နဋ္ဌထမ္ဘံ သဗ္ဗသန္တံ၊ ကရ မေ ဇယမင်္ဂလံ။
ဥုံ=အန္တရာယ်ကင်း ရန်စွယ်ရှင်း၍ ကောင်းခြင်းစဉ်ကာ မယှဉ်သာအောင် မင်္ဂလာကြီး ဖြစ်ပါစေသတည်း။
နဋ္ဌထမ္ဘံ=ထောက်ပံ့မည့်သူ ကူညီမည့်နတ် ရံပတ်ဝဲယာ ဗြဟ္မာလည်း မရှိပါဘဲ။
သဗ္ဗသန္တံ=ကိုယ်နေရှိန်မပျက် တသိန်းထွက်ဖို့ ငြိမ်သက်ဖွေးဖြူ အေးအေးလူလူသာလျှင်။
ဇယတော=ပါရမီစက်ဟုန် လက်နက်စုံဖြင့် ချက်ကုန်မလွဲ ပွဲတိုင်းမရှောင် နွှဲတိုင်းပင် အောင်မြင်တော်မူပေထသော။
ဇယံ ဒဒတော=အောင်ရာစည်းကမ်း အောင်နည်းလမ်း၌ မှီးငြမ်းမလစ် အသစ်အဆန်း တစ်ဂဏန်းက မှန်းဆ၍မျှော် ပန်းရအောင်လည်း လမ်းပြပေးသနားတော်မူပေထသော။
တေ တ၀=မကိုဋ်ရောင်လျှံ ဥသျှောင်ပျံမှာ အောင်လံစွင့်စွင့် လွှင့်တလူလူ အောင်တော်မူ မြတ်ဘုရားအား။
မေ အမှာကံ=မအောင်သေးခင် အောင်ကြွေးတင်၍ အောင်မြင်ရန်မျှော် ဘုရားတပည့်တော်တို့၏။
ဝိဇေတုံ=မရှောင်ခပင်း အခေါင်နှင်း၍ အောင်ခြင်းကြီး အောင်ပါရခြင်း အကျိုးငှါ။
နမော=အောင်ခဲ့သည့် တန်ခိုးဂုဏ်ကို အမျိုးစုံ မှန်းဆ၍ တမ်းတရှိခိုးပါ၏ဘုရား။
မေ အမှာကံ=မအောင်သေးခင် အောင်ကြွေးတင်၍ အောင်မြင်ရန်မျှော် ဘုရားတပည့်တော်တို့အား။
ဇယမင်္ဂလံ=အောင်ရန်အတိတ် အောင်နိမိတ်ဖြင့် အောင်ဘိသိက်သွင်း အောင်ဟိတ်ကျင်းလျက် အောင်ခြင်းဆင်ကာ မင်္ဂလာကို။
ကရ=သပြေအနု ငွေခရုဖြင့် ဇေယျတုပုံ မေရုတုန်အောင် အဖုံဖုံ အမှုအေးစေဖို့ ပြုပေးတော်မူပါ့ အောင်တော်မူ အရှင်မြတ်ကြီးဘုရား။
        နှဲကြိုးဆရာတော် ဦးသီလက္ခန္ဓ-၏ ရောင်ခြည်တော်ဖွင့် ဘုရားပင့်
                     စတုက္ကရံသိ နိက္ခန္တာ၊ မေရုရာဇာ ဂီရုတ္တမော။
                     သောဘတေ၀ သကာဘာယ၊ သြဘာသယံ သမန္တတော။
                     တထာဝ သောဘနော ဗုဒ္ဓေါ၊ ဆဗ္ဗဏ္ဏရုစိယာ ဘ၀ံ။
                     အနန္တဇုတိမာ ဘန္တေ၊ ဂန္တွာ မေ ဌာတု သီသကေ။
ဂိရုတ္တမော=ကမ္ဘာပေါ်တွင်ထင်ရှားရှိသမျှ တောင့်တကာ့ထွတ်မှူး တောင်ဦး တောင်မြတ်ကြီး ဖြစ်ပေထသော။
စတုက္ကရံသိနိက္ခန္ဓာ မေရုရာဇာ=ရွှေ, ငွေ, မြ, ဖန် လေးတန်ရောင်ခြည် ထွက်လည်ကွန့်မြူး တင့်ထူးလျှံမြိုင် မဏ္ဍိုင်ဗွေချက် နေစက်လစက် နက္ခတ်တာရာ ကြယ်တကာတို့ ၀ဲယာပတ်ဝိုက် ဦးတိုက်ကြရာ မဟာမြင်းမိုရ် တောင်မင်းသည်။
သကာဘာယ=၀ါဝင်းရောင် ဖြူဝင်းရောင် စိမ်းလဲ့ဝင်းရောင် ဖန်ဝင်းရောင် မှန်ဝင်းရောင် နေရောင်လရောင်တည်းဟူသော မိမိအရောင်အ၀ါဖြင့်။
သမန္တတော=နှစ်ထောင်ကျွန်းငယ် လေးသွယ်ကျွန်းကြီး သီးသီးမွမွ အဏ္ဏ၀လေးသွယ် မြစ်ငယ်ငါးရာ ငါးဖြာမြစ်မ ရှိသမျှအကုန် လုံးစံဒီပါ ရပ်ဒိသာ၌။
သြဘာသယံ သြဘာသယန္တော=ထွန်းလင်းတောက်ပြောင် မြင်းမိုရ်တောင်သာစေလျက်။
သောဘတေ ဣ၀=လေးကျွန်းအလယ် လွန်တင့်တယ်သကဲ့သို့။
တထာဝ=ထိုမြင်းမိုရ်တောင်ကြီး ပုံမှီးစံယူ အလားတူသာလျှင်။
ဆဗ္ဗဏ္ဏရုစိယာ=(၁) ကြာညိုရောင်၊ မဲညိုရောင်၊ ပုလဲညိုရောင်၊ ဖဲညိုရောင်၊ မြစိမ်းညိုရောင် အဆင်းကဲ့သို့ ညိုဝင်းသော ရောင်ခြည်တော်။
(၂) နေမင်းရောင်၊ ရွှေအဆင်းရောင်၊ ပယင်းဝါရောင်၊ ပုလဲဝါရောင်၊ ဖဲဝါရောင်၊ ပတ္တမြားဝါရောင် အဆင်းကဲ့သို့ ၀ါဝင်းသော ရောင်ခြည်တော်။
(၃) တိမ်နီရောင်၊ စိန်နီရောင်၊ ကြာနီရောင်၊ သာကီရောင်၊ ကမ္ဗလာနီရောင်၊ သန္တာနီရောင်၊ ပတ္တမြားနီရောင် အဆင်းကဲ့သို့ နီဝင်းသော ရောင်ခြည်တော်။
(၄) ဘော်သာခွါရောင်၊ သော်တာလရောင်၊ မကန်းအဖြူရောင်၊ ဂွမ်းအဖြူရောင်၊ စံပယ်အဖြူရောင်၊ ကြယ်အဖြူရောင်၊ ၀ရဇိန်အဖြူရောင်၊ ပွတ်သစ်စ ခရုသင်းကဲ့သို့ ဖြူဝင်းသော ရောင်ခြည်တော်။
(၅) မည်းရောင်၊ နီရောင်၊ ညိုရောင်ထည့်လောင်း ယှက်ကူးပေါင်းသဖြင့် မည်းမှောင်မှိုင်းအုံ ရီမှုန်သောအဆင်းရှိသော မဉ္ဖိဋ္ဌရောင်ခြည်တော်။
(၆) မင်းလွင်မြူးခုန် ကဆုန်မာသ ခါသမယ၌ မိုးဝပြင်ကျယ် ကောင်းကင်လယ်က လျှပ်ပန်းနွယ်ယှက်ကူး ပိုးစုန်းကြူးသဏ္ဍာန် မီးလျှံတွေပျံသလို အလျှံတလဲ့လဲ့ တက်တဲ့ချည် သက်တဲ့ချည် ဆင်းတဲ့ချည် ပျံတဲ့ချည် ထိုမှာဤမှာ ဤမှာထိုမှာ လူးလာပြိုးပြက် တခဲနက်သော ပဘဿရ ရောင်ခြည်တော် တည်းဟူသော ခြောက်သွယ်သော ရောင်ခြည်တော်အပေါင်းတို့ဖြင့်။
သောဘနော=မြင်သူအများ ရှုမအားအောင် ကြွားကြွားဆင့်ဆင့် ကားကားပွင့်၍ တင့်တယ်တော်မူပေထသော။
ဗုဒ္ဓေါ=ဒုက္ခသမုဒယ နိရောဓနှင့် မဂ္ဂတဖြာ လေးသစ္စာကို (၀ါ) သစ္စာလေးရပ် တရားမြတ်ကို လူနတ်အများ သိထင်ရှားအောင် ဟောကြားမြွက်ဖော် ဆုံးမတော်မူပေထသော။
ဘန္တေ=ရွှေဘုန်းတော်သခင် အရှင်မြတ်ကြီးဘုရား။
အနန္တဇုတိမာ=မြေအဆုံး မိုးအဆုံး စကြာဝဠာဆုံးအောင် အုပ်ဖုံးဖြန့်မိုးခြင်းငှါ စွမ်းနိုင်ရာသောကြောင့် မိုင်တာကောသ ဂါဝုတ ယူဇနာ သင်္ချာပမာဏ ဂဏန်းပြလည်း မရနိုင်ချေ။ အပ္ပမေယျ အနန္တဆိုတဲ့ ရောင်ခြည်တော်အပေါင်းတို့နှင့် ပြည့်စုံတော်မူပေထသော။
ဘ၀ံ=ကျေးဇူးတော်အစုံ ဂုဏ်အပေါင်းတို့နှင့် ပြည့်စုံတော်မူသော ရှင်တော်မြတ်ဘုရားကြီးသည်။
အာဂန္တွာ=တရာ့ရှစ်ကွက် ရွှေစက်အစုံ ကြာပဒုံကို ညွတ်ရုံဖြန့်မြန်း ကြွလှမ်းတော်မူခဲ့၍။
မေ-အမှာကံ=ဘုရားတပည့်တော် တပည့်တော်မတို့၏။
သီသကေ=ဦးခေါင်းရတနာ မြတ်အင်္ဂါထက်၌။
ဌာတု=မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ ခိုင်ခိုင်မတ်မတ် ရပ်တန့်ရွှင်ကြည် တည်နေ သီတင်းသုံးတော် မူလှည့်ပါ ရွှေဘုန်းတော်သခင် အရှင်သူမြတ်ကြီးဘုရား။
       လယ်တီပဏ္ဍိတ ဦးမောင်ကြီး-၏ ရောင်ခြည်တော်ဖွင့် ဘုရားပင့်
                      နီလာ နီလာ နိစ္ဆရန္တိ၊ ပီတာ ပီတာ စ ရံသိယော။
                      လောဟိတာ လောဟိတာ စာဘာ၊ သြဒါတာ ဒါတရံသိယော။
ပဋ္ဌာနံ=နက်နဲထူးဆန်း ပဋ္ဌာန်းကျမ်းကို။
သမ္မသန္တဿ=အနုလုံ ပဋိလုံ အစုံအဆန် အဖန်ဖန် အထပ်ထပ် သုံးသပ်ဆင်ခြင်တော်မူသော ဘုရားရှင်ကေိုယ်တော်မြတ်၏။
နီလာ=ဆံတော် မုတ်ဆိတ်တော် မျက်ဝန်းတော်တခို စိမ်းညိုသော အရပ်ဌာနမှ။
နီလာ=ကြာညို ခွာညို ရတနာညိုကဲ့သို့ စိမ်းတစိုစို မြသားလိုဖြင့် ညိုမှောင်သော ရောင်ခြည်တော်တို့သည်။
နိစ္ဆရန္တိ=နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာ န၀ရတ်အရောင်တို့ကို ထိပ်ခေါင်ကလွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။
ပီတာ စ=သိင်္ဂီရွှေလှော် အရေတော်မှလည်း။
ပီတာ=မဟာလှေကား ရွှေစကားနှင့် ရွှေသားရွှေရည် ထိန်ကြည်သစ်လင်း ပပ၀င်းကုန်သော။
ရံသိယော=၀ါရောင်ဝင်းလျှပ် ရောင်ခြည်တော်ဓာတ်တို့သည်။
နိစ္ဆရန္တိ=နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာ န၀ရတ်အရောင်တို့ကို ထိပ်ခေါင်ကလွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။
လောဟိတာ=အာတော် လျှာတော် နှုတ်ခမ်းတော်နှင့် ခြေဖ၀ါးတော် လက်ဖ၀ါးတော်စသော ကိုယ်တော်အစိတ်စိတ်မှ။
လောဟိတာ=ခေါင်ရမ်း နှင်းဆီ ကမ္ဗလာနီနှင့် ကြာနီအလား ပတ္တမြားအဆင်း ရှိကုန်သော။
အာဘာ=နီရောင်ဝင်းလျှပ် ရောင်ခြည်တော်ဓာတ်တို့သည်။
နိစ္ဆရန္တိ=နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာ န၀ရတ်အရောင်တို့ကို ထိပ်ခေါင်ကလွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။
သြဒါတာ=စွယ်တော် သွားတော် မျက်ဖြူတော်အစုံ ဥဏ္ဏလုံ မွေရှင်တော်ဓာတ်မှ။
သြဒါတရံသိယော=စံပယ် ကြက်ရုံး ဇွန်ပန်းကုံးနှင့် ငွေတုံးဘော်ဆိုင် စိန်ပန်းခိုင်အတူ ၀တ်လဲတော်ဘွဲ့ဖြူနှင့် ကြာဖြူပန်းအသွေးကဲ့သို့ ဖြူဖွေးစင်ကြယ်သော ရောင်ခြည်တော်ဓာတ်တို့သည်။
နိစ္ဆရန္တိ=နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာ န၀ရတ်အရောင်တို့ကို ထိပ်ခေါင်ကလွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။
တမှာ တမှာ စ မဉ္ဖိဋ္ဌာ၊ ပဘာသန္တိ ပဘဿရာ။
ဧ၀ံ ဆဗ္ဗဏ္ဏရံသိယော၊ ဌာတု မေ ဘဂ၀ါ သိရေ။
တမှာ တမှာ=အထက် ဆံဖျားတော် တလျှောက်မှ အောင်ခြေဖ၀ါးတော်တခို ထိုထိုကိုယ်တော်အစိတ်မှ။
မဉ္ဖိဋ္ဌာ စ=ခရမ်းသွေးအရောင် မရမ်းသွေးအရောင် တဝေေ၀ တပြောင်ပြောင် သပြေရောင် အဆင်းကဲ့သို့ ထိန်ဝင်းညိုမှောင်သော ရောင်ခြည်တော်တို့သည်လည်းကောင်း။
ပဘဿရာ စ=နတ်မီးအရောင် လျှပ်စီးအရောင် ရတနာမျိုးစုံအရောင် ကြာမျိုးစုံအရောင် ထိန်ပြောင်ဝင်းလက် ကြက်လျှာပြန် စိန်ရောင်ထွက်သကဲ့သို့ ရိုးရိုးရက်ရက် ပြိုးပြိုးပြက်ပြက်သော ရောင်ခြည်တော်တို့သည် လည်းကောင်း။
ပဘာသန္တိ=နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာ န၀ရတ်အရောင်တို့ကို ထိပ်ခေါင်ကလွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဖွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။
ဧ၀ံ=ဤသို့ ရောင်ခြည်ခြောက်သွယ် ဂုဏ်တော်အထူးကို ချီးကျူးဖွင့်ဆိုခဲ့သည့်အတိုင်း။
ဆဗ္ဗဏ္ဏရံသိယော=အညိုတဖြာ အ၀ါတလီ အနီတဆူ အဖြူတကြောင်း အမောင်းတချက် ပြိုးပြက်ငွားငွား ခြောက်ပါးရောင်ဆိုင် အပြိုင်ပြိုင် စိုးပိုင်ရရှိတော်မူပေထသော။
ဘဂ၀ါ=ဘုန်းတော်သရဖူ ဆောင်းတော်မူ၍ အောင်သူညွတ်ရုံး အထွတ်ဆုံးလည်း ဖြစ်တော်မူပေထသော။
သော=ထိုသုံးလောကညွှန့်ဖူး နိဗ္ဗာန်မှူးဖြစ်တော်မူသော ရှင်တော်မြတ်ဘုရားသည်။
မေ=ပဋ္ဌာန်းပစ္စည်း ဆက်သွယ်နည်းဖြင့် ဖွဲ့စည်းကလာပ် ရုပ်နာမ်ဓာတ်ကို စွဲမှတ်သမုတ် အကျွန်ုပ်၏။
သိရေ=ဆံပင်ဂနိုင် ပန်းမြိုင်တောညို စိမ်းစိုနွဲ့နှောင်း ဦးခေါင်းတွင်ခေါ် တောင်ထွတ်ပေါ်၌။
ဌာတု=ပဋ္ဌာန်းဉာဏ်သွား ဈာန်ကစားလျက် တန့်နားကိန်းဝပ်တော်မူလှည့်ပါ သုံးလောကကေသျှောင် ရွှေဘုန်းခေါင် ကိုယ်တော်မြတ်ကြီးဘုရား။
                           ပလ္လင်ဖွင့် အောင်တော်မူ အာသီသဂါထာ
                             ဗောဓိမူလေ ပလ္လင်္ကမှိ၊ မာရံ သသေန အာဝုဓံ။
                             ဂဟေတွာ ပါရမိံ ခဂ္ဂံ၊ ယော ဇိနာတိ ဇယုဿဝေါ။
                             သဗ္ဗဝေရီ ပဟန္တွာန၊ သော ဝေါ ဒေတု ဇယံ ၀ရံ။
ဇယုဿဝေါ=လောကဓာတ် တိုက်ခရိုင်မှာ ဘယ်သူပဲပြိုင်ပြိုင် အောင်နိုင်စွာ ပွဲဖွင့်၍ ရဲရင့်သည့် သတ္တိထူးဖြင့် အောင်ပွဲမှူး ဖြစ်တော်မူပေသော။
ယော ဇိနော=အောင်ပွဲသခင် အကြင်သို့သော ရှင်တော်မြတ်ဘုရားသည်။
ဗောဓိမူလေ=မြေများဦးကိုင် မဏ္ဍိုင်သီရိ ဗောဓိသစ်မင်း ပင်ခြေရင်း၌။
ပလ္လင်္ကမှိ=န၀ရတ်ကိုးသွယ် ဖြိုးကြွယ်ရောင်လျှမ်း လောင်ခမန်းလင်းထိန်၍ န၀င်းအိမ် စက်ပန်းဖြင့် တက်လှမ်းစံနေတော်မူရာ ရတနာအမြုတေ ကျက်သရေညွတ်ရုံး အထွတ်ဆုံးမှန်ပေသော ပလ္လင်ဗွေဌာန၌။
နိသိန္နော=လေးသစ္စာဖူးခိုင်ကို ခူးနိုင်အောင်ခူးမည်ဟု ရည်စူးချက်အဓိဋ္ဌာန်ဖြင့် စိတ်သန်သန် စံနေတော်မူလျက်။
သသေန အာဝုဓံ=၀ဲ ယာ ရှေ့ နောက် တောင်ကြီးတွေပေါက်သလို ဘယ့်ကလောက်အင်အား ကုဋေပေါင်းမည်မျှများသည်ဟု တွက်သားမရနိုင်စဖွယ် ကြီးကျယ်ငြိမ့်ငြောင်း စစ်သည်ပေါင်းနှင့် အစောင်းထက်မြက် လက်နက်အစုံစုံ မီးကုန်ယမ်းကုန် စွမ်းဟုန်နှင့်တကွ ချီတက်၍လာသော။
မာရံ=လောကဓာတ်တခွင်လုံးကို သိမ်းကျုံးကာစိုးပိုင်၍ ငါ-လက်ကိုင်လုပ်မည်ဟု ယုတ်မာတဲ့ကြံအားဖြင့် မာန်ပွားတောက်လောင် မာရ်နတ်မိုက် အယုတ်ကောင်ကို။
ပါရမိံ ခဂ္ဂံ=တသိန်းနှင့်လေးသင်္ချေ ဘ၀တိုင်း ပျက်မသွေအောင် အထွေထွေဆည်းပူး၍ ဖြည့်ဖူးတဲ့ မဟာဝသီ ပါရမီထက်မြက် လက်သုံးတော် စိတ်သန်လျက်ကို ။
ဂဟေတွာ=ရန်မူဖို့ ပြိုင်လာလျှင် အနိုင်သာခွင်းမည်ဟု ရဲတင်းစွာ စွဲကိုင်တော်မူပြီးသော်။
ဇိနာတိ=ခုတ်ထွင်ဖြတ်ပိုင်း၍ အလိုရှိတိုင်း အောင်မြင်တော်မူလေ၏။
သော ဇိနော=ဗောဓိပင်ခြေ ပလ္လင်ဗွေ၌ အသင်္ချေမာရ်ဂိုဏ်းကို ခုတ်ပိုင်းဖျက်ချိုး၍ စက်တန်ခိုးဖွင့်တော်မူသော ထိုမြတ်စွာဘုရားသည်။
သဗ္ဗဝေရီ=အတွင်းရန် အပြင်ရန် ဘေးဒဏ်အန္တရာယ် အသွယ်သွယ်ရှိသမျှ အနိဋ္ဌအလုံးစုံတို့ကို။
ပဟန္တွာန=ကိုယ်တော့်တန်ခိုး စွမ်းကုန်နှိုး၍ ဖျက်ချိုးပယ်လှန်လျက် နယ်ကန်တော်မူပြီးသော်။
ဝေါ=အခါတော်ပွဲ ဆင်နွဲဘိတောင်း အသင်သူတော်ကောင်းတို့အား။
ဝရံ=ကြုံခဲရခဲ တွေ့ခဲဘိတောင်း အကောင်းဆုံး ထူးချွန်၍ အမွန်အမြတ်ဆုံးဖြစ်သော။
ဇယံ=အတွင်းရန် အပြင်ရန်တို့ကို ပစ္စုပ္ပန်မှာလဲအောင် နောင်ခါလဲ အနိုင်ရ ဖြစ်လေရာ ဘ၀ါဘ၀မှာ မဟာဇယဆိုတဲ့ အောင်ပွဲကို။
ဒေတု=ဒုက္ခကင်းဝေး ရန်ဘေးမဆိုက် အခေါင်ခိုက်၍ ချမ်းသာသိုက် အရတူးရအောင် အထူးသဖြင့် ပေးသနားတော်မူပါစေသတည်း။
( လယ်တီပဏ္ဍိတ-၏သာဓုသုန္ဒရီ ယပ်လှဲ စတုတ္ထတွဲမှ ဂါထာဖြစ်ပါသည်။)
============================================
                    ဇယစက္က မြတ်ဗုဒ္ဓ ဘုရားရှိခိုးတော်ကြီး
                        ဇယစက္ကော ဇယန္တော ယော၊ ဇယိတဗ္ဗေ ဇယာသနေ။
                        ဇယာပေသိ ဇယေသီနံ၊ ဇယံ ဒေတု ဇယုတ္တရော။
ယော ဇယစက္ကော=ပါရမီတော်ဆယ်ချက် အောင်လက်နက်ပိုင်ရှင် အကြင်ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။
ဇယာသနေ=အောင်သိဒ္ဓိဆင်မြန်းသည့် ပလ္လင်နန်းမှန်ကင်း အောင်ဗောဓိပင်ရင်း၌။
ဇယိတဗ္ဗေ=အောင်အပ်သည့်တရား မာရ်ငါးပါး အပေါင်းတို့ကို။
ဇယန္တော=အကြွင်းမဲ့ချေမှုန်းလျက် ဖျက်ဖြုန်းကာ ပယ်ရှင်း၍ အောင်ခြင်းကြီး အောင်တော်မူခဲ့လေပြီ။
ဇယေသီနံ=မြတ်နိဗ္ဗာန် အောင်ခန်းနှင့် အောင်ဘိသိက်ပန်းမဂ်ဖိုလ်ကို များထိုထို ၀ဋ်အတွင်းမှ လွတ်ကင်းအောင် အာသာကြီးဖြင့် ရှာမှီးကာနေကြကုန်သူတို့အား။
ဇယာပေသိ=ကိုယ်တော်မြတ်နှင့်အတူ အောင်ပန်းကို ဆွတ်ချူ၍ ထွတ်အငူအမြိုက်ဓာတ်သို့ ဆိုက်ကပ်တော်မူစေ၍ အောင်စေတော်မူလေပြီ။
ဇယုတ္တရော=အောင်သူတကာတို့၏မှန်ကင်း အောင်ခြင်းတကာတို့၏ ဥသျှောင် ထွတ်ခေါင်မြတ်သရဖူ သယမ္ဘူမကိုဋ်ထီး အောင်ပွဲဝင်ပုဂ္ဂိုလ်ကြီးလည်း ဖြစ်ပေထသော။
သော ဇယစက္ကော=အလုံးစုံ အောင်ခြင်းနှင့် ပြည့်စုံတော်မူသော ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။
မေ=မြတ်နိဗ္ဗူအောင်ပန်းကို ဆွတ်ချူရန် လက်လှမ်း၍ ကြိုးပမ်းကာ အာသာကြီးဖြင့် ရှာမှီးသူ အကျွန်ုပ်အား။
ဇယံ=အောင်ခြင်းကို (၀ါ) အောင်ပန်းဝေမြိုင် အောင်ဖူးတွေကြိုင်လှိုင်သည့် အောင်သိဒ္ဓိ ပန်းခိုင်ကြီးကို။
ဒေတု=ပေးသနားတော်မူပါ အရှင်ဘုရား။
                           အခါတော် ရ-ပါး ဘု၇ားရှိခိုး
                           သြက္ကန္တော ဂုရုဝါရမှိ၊ ၀ိဇာယိ သုက္က၀ါသရေ။
                          နိက္ခမေ စန္ဒ၀ါရမှိ၊ သမ္ဗုဇ္ဈိ ဗုဒ္ဓ၀ါသရေ။
                          သောရိဝါရေ ဓမ္မစက္ကံ၊ အင်္ဂ၀ါရေ ပရိနိဗ္ဗုတော။
                          တေဇောဒဍ္ဎော အာဒိစ္စမှိ၊ သတ္တ၀ါရ မဟံ နမေ။
ဗောဓိသတ္တော=ဂေါတမဘုရားအလောင်းတော်သည်။
ဂုရုဝါရမှိ=အာသဠှီနက္ခတ်နှင့် ယှဉ်လျက် ခြောက်ဆယ့်ခုနစ်ခု ၀ါဆိုလပြည့် ကြာသပတေးနေ့၌။
သြက္ကန္တော=မယ်တော်မာယာ ၀မ်းတိုက်၌ ကိန်းဝပ်သန္ဓေ တည်နေတော်မူ၏။
သုက္က၀ါသရေ=၀ိသာခါနက္ခတ်နှင့်ယှဉ်လျက် ခြောက်ဆယ့်ရှစ်ခု ကဆုန်လပြည့် သောကြာနေ့၌။
ဝိဇာယိ=မယ်တော်မာယာ ၀မ်းတိုက်သာမှ ငြိမ်းချမ်းသာယာ ရောဂါဘယ ဒုက္ခစင်ဖြူ ဖွားမြင်တော်မူ၏။
စန္ဒ၀ါရမှိ=ဥတ္တရာသဠ်နက္ခတ်နှင့်ယှဉ်လျက် ကိုးဆယ့်ခုနစ်ခု ၀ါဆိုလပြည့် တနင်္လာနေ့၌။
နိက္ခမေ=မြင်းတော် ကဏ္ဍက ကျွန်ဆန္နနှင့် ညဥ့်ယာမ်သန်းခေါင် ကာမဘောင်မှ ခွါရှောင်စွန့်လျက် နော်မာဘက်သို့ တောထွက်တော်မူ၏။
ဗုဒ္ဓ၀ါသရေ=၀ိသာခါနက္ခတ်နှင့်ယှဉ်လျက် တရာ့သုံးခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့၌။
သမ္ဗုဇ္ဈိ=ရှေးရှေးလူဆွေ ကဲ့သို့ပေလျှင် သဗ္ဗေဓမ္မာ များစွာဥဿုံ အလုံးစုံကို အကုန်သိမြင် ဘုံသုံးခွင်၌ ဂုဏ်အင်ကြီးမား ကျော်ထင်ရှားလျက် ဘုရားဖြစ်တော်မူ၏။
သောရိဝါရေ=ဥတ္တရာသဠ် နက္ခတ်နှင့်ယှဉ်လျက် တရာ့သုံးခု စနေနေ့၌။
ဓမ္မစက္ကံ=မြင်းမိုရ်တောင်လုံး ပန်းကုံးရတနာ နတ်တန်ဆာဖြင့် ဗြဟ္မာသဟံ တောင်းပန်လျှောက်လာ ကြောင်းခြင်းရာကြောင့် မိဂဒါဝုန် ရဂုံမြိုင်နက် ပဉ္စ၀ဂ်အား ဓမ္မစကြာ ဒေသနာကို မြတ်စွာဘုန်းလူ ဟောတော်မူ၏။
အင်္ဂ၀ါရေ=၀ိသာခါနက္ခတ်နှင့် ယှဉ်လျက် တရာ့လေးဆယ်ရှစ်ခု ကဆုန်လပြည့် အင်္ဂါနေ့၌။
ပရိနိဗ္ဗုတော=နှစ်ဆယ်လွန်လေ လေးသင်္ချေနှင့် ကုဋေခြောက်ဆယ် ဗိုလ်ဝယ်တသိန်း တွက်ကိန်းများစွာ ဝေနေယျာကို ခေမာနိဗ္ဗာန် ရောက်စိမ့်သန်လျက် ဆန်တက်ခပ်လှော် ပို့ပြီးသော်မှ သက်တော်ရှစ်ဆယ် ၀ါဝယ်သော်ကား လေးဆယ့်ငါးတွင် တရားမြတ်မွန် မြို့သီဝံသို့ ၀င်စံတော်မူ၏။
အာဒိစ္စမှိ=တနင်္ဂနွေနေ့၌။
တေဇောဒဍ္ဎော=လူနတ်ဗြဟ္မာ ရာဇာမင်းတို့ လောင်စိမ့်ရှို့လည်း လောင်ဘို့ဝေးနော် လောင်းကိုယ်တော်ကို သြော်သြော် အံ့သြ မြင်တိုင်းမောအောင် တေဇောထ၍ လောင်တော်မူ၏။
ဗုဒ္ဓဿ=ဂေါတမ မြတ်စွာဘုရား၏။
သတ္တ၀ါရံ=နေ့ထူးနေ့မြတ်ဖြစ်သော အခါတော် ၇-ပါးကို။
အဟံ=အကျွန်ုပ်သည်။
နမေ နမာမိ=ကာယ၀စီ မနောချီလျက် သုံးလီဒွါရ ပဏာမဖြင့် ကြည်စွသဒ္ဓါ ရှိခိုးပါ၏ အရှင်ဘုရား။
                              စိန်ရောင်ခြည် ဘုရားပင့်
                           အင်္ဂီရသဿ ဥဏ္ဏာယ၊ ဒါဌာဟိ သေတရံသိယော။
အင်္ဂီရသဿ=အယုတ်အလတ်၊ အမြတ်ပိုင်းခြား၊ လွန်ကြိုးစား၍၊ သုံးပါးဆယ်လီ၊ ပါရမီတော် အဟုန်တို့ကြောင့်၊ ခြောက်စုံရောင် ကွန့်မြူးလျက်၊ အင်္ဂီရသဆိုတဲ့ ဘွဲ့ထူးကို၊ အံ့ကြူးခံ့ခိုင်၊ ဖက်မပြိုင်အောင်၊ လက်ကိုင်ရရှိတော် မူသော ရှင်တော်မြတ်ဘုရား၏။
ဘမုကန္တရေ=မျက်ခုံးတော်နှစ်သွယ်၊ အလယ်ဗဟိုတည့်တည့်အရပ်၌။
သဉ္ဖာတာယ=နုဖြူထွားထွား၊ ကောင်းစွာပေါက်ဖွား၍ လာသော။
ဥဏ္ဏာယစ=ဆွဲလို့ဆန့်လျှင်၊ နှစ်တောင်ခန့်ရှည်လျားသဖြင့်၊ စိန်သားနှစ်အသွင်၊ ငွေနန်းချည်အမျှင်ကဲ့သို့၊ ဖြူစင်ဝင်းသစ်၊ လက်ယာရစ်ခွေရုံ၊ စိန်ကြယ်ပွင့်အနေပုံကဲ့သို့၊ ဥဏ္ဏလုံခေါ်၊ မွေရှင်တော် ဓာတ်ထူးမှ လည်းကောင်း။
ဒါဌာဟိစ=ပတ္တမြားခေါင်ရမ်း၊ နှင်းဆီပန်းကဲ့သို့၊ နီမြန်းသောနှုတ်ခမ်းတော်တို့ဖြင့်၊ မပေါ်အောင် ဖုံးပိတ်၍ထားအပ်သော၊ သွားတော်လေးဆယ်၊ စွယ်တော်လေးဆူ၊ ဖြူရာရာ ဓာတ်တော်တို့မှလည်းကောင်း။
သေတရံသိယော=ပုလဲစစ်ဟု၊ စိန်စစ်နမူ၊ ဘော်ဖြူ ငွေရွက်၊ ဖြန့်ကျက်စီချယ်၊ ငွေကြယ်ရောင်သန်း၊ ကေလာသငွေတောင်ကို၊ နေအရောင်လွှမ်းဘိသကဲ့သို့၊ မြတ်လေးပန်းစပယ်ငုံ၊ ကြာဖြူပွင့်ဝတ်ဆံမှုံလို၊ ပုံပမာကပ်၊ တိမ်တောင်ကို စိန်ရောင်ဟပ်ဘိသကဲ့သို့၊ တလျှပ်လျှပ် တဖိတ်ဖိတ်၊ တရိပ်ရိပ်ထိန်ပြောင်ကြည်တဲ့၊ စိန်ရောင်ခြည်ဓာတ်၊ ဖြူဖွေးသော အဆင်းတော်မြတ်တို့သည်။
ဝဇိရာဝ=စိန်နှစ်စိန်သွေး၊ ဖြူဖွေးတောက်ပြောင်၊ စိန်သားတောင်ကြီးကဲ့သို့။
ဝိရောစန္တိ=ဖူးမြင်ရသူတို့၏ အထူး၊ ဘ၀င်မှာ ကြည်နူးလောက်အောင်၊ ရွှင်မြူးတက်ကြွ၊ ဖက်မမျှသဖြင့်၊ လှပဆန်းကြယ်၊ တင့်တယ်တော်မူကြပါပေကုန်၏။
သောဇိနော=ထိုထူးထွေဆန်းလည်၊ စိန်ရောင်ခြည်တို့ကြောင့်၊ အင်္ဂီရသံ၊ ဘွဲ့ထူးခံသည့်၊ ငါးမာရ်အောင်ပြီး၊ ဘုရားကိုယ်တော်မြတ်ကြီးသည်။
မေ မမ=ရုပ်နာမ်နှစ်ဖြာ၊ ဟုတ်မှန်ရာကို၊ သက္ကာယစွဲ၊ အထင်လွဲ၍၊ ငါဘဲသမုတ်၊ အကျွန်ုပ်၏။
သီသကေ=ကိုယ်ဒြပ်တွင်၊ အမြတ်တင်သည့်၊ ဦးသီသအပြင်၌။
ဌာတု=မယိမ်းမယိုင်၊ ကျောက်စာတိုင်ကဲ့သို့၊ ခိုင်ခိုင်မတ်မတ်၊ ရပ်တန့်တည်နေတော်မူလှည့်ပ၊ စိတ်ရောင်ခြည် နေတနှုန်းကဲ့သို့၊ ရွှေဘုန်းတော်သခင် အရှင်မြတ်ကြီးဘုရား။
               တပေါင်းလပြည့် မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့
                        ( ကြည်နူးဖွယ်ကောင်း လတပေါင်း )
                       အင်္ဂါရိနော ဒါနိ ဒုမာ ဘဒန္တေ၊ ဇလေသိနော ဆဒနံ ၀ိပ္ပဟာယ။
                      တေ အစ္စိမန္တောဝ ပဘာသယန္တိ၊ သမယော မဟာဝီရ အင်္ဂီရသာနံ။
ဘန္တေ=ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ရှင်ပင်မြတ်ဘုရား။
ဒါနိ-ဣဒါနိ=ဆောင်းကိုလွန်မြောက် နွေးဦးပေါက်သို့ ရောက်လတ်တုံလာ ယခုအခါ၌။
ဒုမာ=တခေတ်ကူးပြောင်း သစ်ပင်အပေါင်းတို့သည်။
ဆဒနံ=ရှည်ကြာမြင့်ညောင်း အရွက်ဟောင်းကို။
ဝိပ္ပဟာယ=စွန့်ပယ်သောထွေ ကြွေကျကုန်၍။
ဖလေသိနော=အသစ်ဖြစ်သော အသီးကို ရှာမှီးကြကုန်သကဲ့သို့ဖြစ်၍။
အင်္ဂါရိနော=မီးကျီးအသွေး နီးတွေးသော ရွက်နု အပွင့်အဖူးတို့နှင့် ပြည့်စုံကြကုန်၏။
တေ=ထိုသစ်ပင်အပေါင်းတို့သည်။
အစ္စိမန္တောဝ=ဥတုလှုံ့ဆောင် အရောင်ရှိကုန်သည်ဖြစ်၍ သာလျှင်။
ပဘာသယန္တိ=ပြောင်တ၀င်းဝင်း ထွန်းလင်းတောက်ပကြကုန်၏။
မဟာဝီရ=ကြီးမြတ်သော ၀ီရိယရှိတော်မူသော မြတ်စွာဘုရား။
အင်္ဂီရသာနံ=ကိုယ်တော်မြတ်မှ မပြတ်ငြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည် ရှိတော်မူသော မြတ်စွာဘုရားတို့၏။
သမယော=ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သောအချိန်ပါဘုရား။
              ( ဒေါင်းသံသာစွ တပေါင်းလ)
မယူရသံဃာ ဂိရိမုဒ္ဓနသ္မိံ၊ နစ္စန္တိ နာရီဟိ သမင်္ဂီဘူတာ။
ကူဇန္တိ နာနာ မဓုရဿရေဟိ၊ သမယော မဟာဝီရ အင်္ဂီရသာနံ။
ဘန္တေ=ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံတော်မူသော ရှင်ပင်မြတ်ဘုရား။
ဂိရိမုဒ္ဓနသ္မိံ=ကြွရာလမ်းတခွင် ၀ဲယာဖြစ်သော တောင်ထိပ်အပြင်၌။
မယူရသံဃာ=ဥဒေါင်းငှက် အပေါင်းတို့သည်။
နာရီဟိ=ကြင်ဖော်မှန်လှ ချစ်ဒေါင်းမတို့နှင့်။
သမင်္ဂီဘူတာ=တကွယှဉ်နွဲ မောင်နှံတွဲကြကုန်သည်ဖြစ်၍။
နစ္စန္တိ=အမြီးကိုထောင် အတောင်ကိုကော့ ခေါင်းကိုမော့၍ ကျော့ကျော့ရွှင်ဖြိုး တင့်စနိုးလျှင် ရှေ့ထိုးနောက်ငင် လူ့အသွင်သို့ မြူးရွှင်ကခုန်ကြကုန်၏။
နာနာ မဓုရဿရေဟိ=အထူးထူးအထွေထွေ အိုးဝေ အိုးဝေ ဟူသော သာယာသော အသံတို့ဖြင့်။
ကူဇန္တိ=ဘာသာမဂဓ သဘာဝဖြင့် တွန်ကြမြူးကြ ကျူးရင့်ကြကုန်၏။
မဟာဝီရ=ကြီးမြတ်သောဝီရိယ ရှိတော်မူသော မြတ်စွာဘုရား။
အင်္ဂီရသာနံ=ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည်တော် ရှိတော်မူသော မြတ်စွာဘုရားတို့၏။
သမယော=ဖွားရာဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျှောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။
          ( တပေါင်းလပြည့် မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့ သိမှတ်ဖွယ်ရာများ )
၁။ တပေါင်းလပြည့်နေ့ကို ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့တွင် ကာဠုဒါယီမထေရ်က ကပိလ၀တ်နေပြည်တော်သို့ ကြွရောက်တော်မူရန် လျှောက်ထားသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။
၂။ ထိုအချိန်က မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေထိုင်ကာ အင်္ဂတိုင်းသားနှင့် မဂဓတိုင်းသားများကို တရားရေအေး တိုက်ကျွေးလျက်ရှိပါသည်။
၃။ ထိုသတင်းကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ကြားသိရာ ခေါင်းဆောင်အမတ် ၁၀-ဦးတို့ကို နောက်ပါအခြံအရံ တထောင်စီဖြင့် ၁၀-ကြိမ်ခွဲကာ မြတ်စွာဘုရားကိုပင့်ရန် ရာဇဂြိုဟ်သို့ စေလွှတ်လိုက်ပါသည်။ နောက်ဆုံးအသုတ်ကို ကာဠုဒါယီအမတ်ကြီးက ခေါင်းဆောင်၍ သွားရပါသည်။ မြတ်စွာဘုရားနှင့်တွေ့၍ တရားနာရသောအခါ ကပိလ၀တ်သို့ မပြန်ကြတော့ဘဲ ဘုရားပင့်သွားသူအားလုံး တယောက်မကျန် သာသနာ့ဘောင်သို့ ၀င်ရောက်ပြီး ဧဟိဘိက္ခု ရဟန်းတွေချည်း ဖြစ်ကုန်ကြပါသည်။
၎။ ရဟန္တာဖြစ်ပြီးနောက် ကာဠုဒါယီမထေရ်က တပေါင်းလ၏ သာယာပုံကို ဂါထာပေါင်း ၆၄-ဂါထာ သီကုံး၍ ခမည်းတော်၏ကျေးဇူးကို သိသောအားဖြင့် ဖွားရာဇာတိ ကပိလ၀တ်နေပြည်တော်သို့ ကြွချိန်တန်ပြီဖြစ်ကြောင်း လျှောက်ထားလေသည်။
၅။ ကာဠုဒါယီမထေရ်၏ လျှောက်ထားချက်အရ မြတ်စွာဘုရားသည် ရဟန္တာပေါင်း ၂-သောင်း ခြံရံလျက် မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့်ကျော် ၁-ရက်နေ့တွင် ရာဇဂြိုဟ်မြို့မှ ယူဇနာ ၆၀-ဝေးကွာသော ကပိလ၀တ်ပြည်တော်သို့ တနေ့လျှင် ၁-ယူဇနာခရီးဖြင့် ရက်ပေါင်း ၆၀- (၂-လကြာမျှ) ဒေသစာရီ ကြွချီတော်မူပါသည်။
            ( ဖြစ်ပေါ်လာသော အကျိုးဆက်များ )
မြတ်စွာဘုရား ကပိလ၀တ် နေပြည်တော်သို့ ကြွတော်မူခြင်းဖြင့် သာသနာတော်သမိုင်းတွင် ဖြစ်ပေါ်လာသော အကျိုးဆက်များမှာ-
* နိဂြောဓာရုံကျောင်းတော်ကြီး ပေါ်ပေါက်လာခြင်း။
* သာကီဝင်မင်းမျိုးတို့၏ မာန်စွယ်ကို နုတ်ပယ်သောအားဖြင့် ပေါက္ခရ၀ဿမိုးကို ရွာသွန်းစေခြင်း။
* ဂါထာတထောင်ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို ဟောကြားခြင်း။
* မဟာဓမ္မပါလ ဇာတ်တော်ကြီးကို နာကြားရ၍ ခမည်းတော်ကြီး အနာဂါမ်တည်ပြီး နောင်အခါ အရဟတ္တဖိုလ်တည်ခြင်း၊ မိထွေးတော်ဂေါတမီ သောတာပန်တည်ခြင်း၊ နောင်သောအခါ ဘိက္ခုနီသာသနာ ထူထောင်ခွင့် ကြုံခြင်း။
* ယသော်ဓရာကို အကြောင်းပြု၍ စန္ဒကိန္နရီ ဇာတ်တော်ကြီး ဟောကြားခြင်း။
* ဇနပဒကလျာဏီ၏ ကြင်ယာတော် နန္ဒမင်းသား ရဟန်းဖြစ်ခြင်း။
* သားတော်ရာဟုလာ အမွေတောင်း၍ သာမဏေဘ၀သို့ ရောက်ရှိခြင်း။
* သာကီဝင်မင်းမျိုးမှ မင်းသားတထောင် ရဟန်းဘောင်သို့ ရောက်ခြင်း။
* ကာဠုဒါယီမထေရ်အား ဆွေမျိုးတို့အား မြတ်စွာဘုရားကို ကြည်ညိုစေရန် စွမ်းဆောင်ရာ၌ အမြတ်ဆုံးဘွဲ့ ကုလပ္ပသာဒ-ဧတဒဂ်ကို ချီးမြှင့်တော်မူခြင်း။
* အရှင်သာရိပုတ္တရာ လျှောက်ထား၍ ဗုဒ္ဓ၀င် ဒေသနာကို ဟောကြားတော်မူခြင်း-
စသော အကျိုးဆက်များ ဖြစ်ပါသည်။
             ( ကာဠုဒါယီ လျှောက်ထားသည့် နောက်ဆုံးဂါထာ)
                  နာတိသီတံ နာတိဥဏှံ၊ နာတိ ဒုဗ္ဘိက္ခ ဆာတကံ။
                  သဒ္ဒလာ ဟရိတာ ဘူမိ၊ ဧသ ကာလော မဟာမုနိ။
  မုနိတို့၏ သခင်ဖြစ်တော်မူသော မြတ်စွာဘုရား-
ဆောင်းနှောင်းနွေးဦး တပေါင်းလ ဤအခါထူးသည် အေးလည်း မအေးလွန်းလှပါဘုရား၊ ပူလည်း မပူလွန်းလှပါဘုရား၊ ကောက်ပဲသိမ်းစ ဥတုမျှ၍ အာဟာရမွတ်ရှား ခေါင်းပါးခြင်း ဆာလောင်ခြင်းမှလည်း ကင်းရှင်းပါသည်ဘုရား၊ မြေပြင်သည်လည်း နေဇာမြက်ညွန့် ပေါက်ရောက်ရှင်သန်၍ မြစိမ်းရောင်လွှမ်း စိုပြည်လန်းဆန်း နေပါသည်ဘုရား၊ ဆောင်းနှောင်းနွေဦး တပေါင်းလဤအခါထူးသည် မွေးရပ်ဌာနီ ကပိလ၀တ်နေပြည်တော်သို့ ကြွချီရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။
            ( ရှင်အုန်းညို ရေးခဲ့သည့် ဂါထာခြောက်ဆယ်ပျို့မှ စာပိုဒ် )
လူ့ဘုံသုံးပါး၊ အထွတ်ထား၍၊ တရားရသာ၊ မြိုက်သြဇာဖြင့်၊ သတ္တ၀ါလူ၊ ခမ်းသိမ်းသူကို၊ ဆယ်ယူကယ်နိုင်၊ ရွှေပြည်ခိုင်သို့၊ တိုင်တိုင်ဘေးလွတ်၊ ပို့ပေးတတ်သည်၊ လူနတ်ဆရာ၊ ရတနာဟု၊ မဟာဝီရ၊ လုံ့လအခေါင်၊ ဗောဓိညောင်၌၊ ခြောက်ရောင်လျှံဝါ၊ ဉာဏ်စကြာနှင့်၊ သစ္စာရဲရဲ၊ ပွင့်ဆဲဆဲလျှင်၊ အံ့အဲမနိုင်၊ ဆွယ်ပြိုင်နှိုင်းဖော်၊ တုမမြော်သည်၊ ဘုန်းတော်ထွန်းလစ်၊ မြတ်ရှင်ချစ်။
အဖြစ်ကြောင်းလျား၊ မှာစကားကို၊ ဦးဖျားထိပ်ထက်၊ ကြားလျှောက်ဆက်အံ့၊ ဖွားချက်မြှုပ်ထွေ၊ ဇာတိနေသား၊ အောင်မြေပြည်မ၊ ကပိလတွင်၊ မွေးဘသုဒ္ဓေါ်၊ တကာတော်နှင့်၊ ယသော်ဓရာ၊ ဗိမ္ဗာမြောက်သား၊ သည်းချားရာဟု၊ မျှော်ရာရှုလျက်၊ တစုတရုံး၊ ပန်းနှယ်ကုံးမျှ၊ သက်လုံးမေတ္တာ၊ ပြက်ကြင်နာသော်၊ ဖူးပါလှချင်၊ ငါ့သခင်ကို၊ သို့ပင်ဆိုတမ်း၊ နိစ္စလွမ်း၍၊ မျက်ယမ်းထိထိ၊ မြော်ချင်ဘိဟု၊ ကြားသိတုံလို၊ တသောင်းဗိုလ်တွင်၊ ကျွန့်ကို နောက်ဆင့်၊ ချီးပင့်ရရှာ၊ ဤအခါကား၊ ဟေမာချမ်းဆောင်း၊ ကြွလဲပြောင်းသား၊ တပေါင်းနွေလ၊ ဂိမ္မာနဟု၊ သာလှပျော်မှု၊ သည်ရတု၌၊ ညွန့်နုဆဲဆဲ၊ မီးလျှံခဲသို့၊ ရဲရဲပြောင်ပြောင်၊ တောကုန်အောင်လည်း၊ ပွင့်ရောင်တိချည်း၊ ဖြင်ပေါပည်း၏။၊ ခမည်းတော်ကောင်း၊ ပြည်တော်ဟောင်းသို့၊ ဖူးပေါင်းစိမ့်ငှါ၊ တောင်းပန်ထွာသည်။ သွားခါကာလ တန်ပြီဘုရား။
တပေါင်းလပြည့် မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့ သိကောင်းဖွယ်ရာများ ဤတွင်ပြီးဆုံး၏။
( မာဂဓီ သာစည်-၏ အခါတော်နေ့များမှ )
No comments:
Post a Comment