Friday, 4 January 2013

           “ သာသနာဝင် လေးမျိုး ”
           ~~~~~~~~~~~~~~

“ သာသနာပြု လုပ်ငန်း၌လည်း ၀န်ထမ်းသား လေးစားရှိချေ၏။ -

၁- မိမိ၌ သာသနာတည်စေ၍ တစ်ပါးသူ၌ မတည်စေသူက
တစ်မျိုး၊


၂- သူတစ်ပါးကို သာသနာတည်စေ၍ မိမိ၌ကားမတည်စေသူက
တစ်မျိုး၊
၃- မိမိ သူတစ်ပါး နှစ်ဦးသားလုံး၌ သာသနာတည်စေသူက
တစ်မျိုး၊
၎- မိမိ သူတစ်ပါး နှစ်ဦးသားလုံး၌ သာသနာမတည်စေသူက
တစ်မျိုး၊

ဤလေးမျိုးရှိရာတွင်-
၁ - ဘုရားအဆုံးအမတော်သည် မိမိ၌သာ တည်လျက်
တစ်ပါးသူတို့အားမဖြန့်ပါမူ သာသနာတည်သော်လည်း
သန့်ကားသန့်၏။ ပြန့်မည်ကား မဟုတ်။

၂ - သူတစ်ပါးချည်းသာ တည်စေ၍ မိမိ၌မတည်သူကား
ပြန့်ကားပြန့်၏။ တည်မည်မဟုတ်။ တည်သော်မှ ကြည်မည်
မဟုတ်။ သန့်လည်း သန့်မည် မဟုတ်၊ ပြန့်ဖို့လည်း အခြေခံ
မကောင်းသဖြင့် မသေချာ။

၃ - မိမိ သူတစ်ပါး နှစ်ဦးသားလုံး၌ တည်စေသူကား
တည်လည်းတည်၊ ပြန့်လည်းပြန့်၊သန့်လည်းသန့်မည်သာတည်း။

၎- မိမိသူတစ်ပါး နှစ်ဦးသားလုံး၌ မတည်စေသူကား ၊
တည်မှမတည်သော သန့်ပြန့်ဖို့ကား စဉ်းစားဖို့ပင် မလိုတော့ချေ။
ဤကား (သာသန)၀န်ထမ်းလောက၏ အလွှာလေးမျိုးတည်း။ ”

- ( ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
အရှင်ဥေယျဓမ္မသာမိ )
......................................................................................
“ စက္က၀တ္တိသုတ်မှ စကြာဝတေးမင်းတို့၏ ကျင့်ဝတ်များ ”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

“ အခါတစ်ပါး၌ မြတ်စွာဘုရားသည် မဂဓတိုင်း မာတုလမြို့၌ သီတင်းသုံးနေတော်မူ၏။
ထို (မာတုလမြို့) ၌ မြတ်စွာဘုရားသည် ရဟန်းတို့အား စက္ကဝတ္တိသုတ် ကို ဟောကြား
တော်မူခဲ့၏ ။

ထိုစက္က၀တ္တိသုတ်တွင် -
ဒဠှနေမိစကြဝတေးမင်းကြီးသည် အနှစ်အတိုင်းအတာအားဖြင့်
ရှည်ကြာစွာတရားသဖြင့်အုပ်ချုပ်ပြီးနောက်- တောထွက်တော်
မူလေ၏။ တောထွက်တော်မမူမှီ ဒဠှနေမိစကြဝတေးမင်းကြီးက
သားကြီး အိမ်ရှေ့မင်းသားကို မင်းအဖြစ် အုပ်ချုပ်မှု၌ ကောင်းစွာ
သွန်သင်ဆုံးမခဲ့သည်။

ထိုဒဠှနေမိစကြမင်းကြီးတောထွက်တော်မူပြီးနောက် -
၇ ရက်ကြသောအခါ စကြာရတနာသည် ပျောက်ကွယ်လေသည်။
ထိုအခါ ဒဠှနေမိစကြဝတေးမင်းကြီး၏ သားတော်မင်းသည်
နှလုံးမသာ ဖြစ် လေ၏၊ နှလုံးမသာဖြစ်ခြင်းကိုလည်း
(သူတစ်ပါးအား) ပြောကြားလေ၏။

ထိုမင်းသည် မင်းရသေ့ထံ ချဉ်း ကပ်၍ မင်းရသေ့အား ဤစကားကို
လျှောက်၏။
''မင်းမြတ် အမှန်သိတော်မူပါလော့၊ မြတ်သော စကြာရတနာသည်
ကွယ်ပျောက်ပါပြီ''ဟု (လျှောက်၏)။ ဤသို့ လျှောက်သော်
မင်းရသေ့သည် မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်း ပြီးသော
မင်းအား ဤစကားကို ပြောကြား၏။

'' ချစ်သား -
မြတ်သော စကြာရတနာ ကွယ်ပျောက်သောကြောင့် နှလုံးမသာ
မဖြစ်လင့်၊
နှလုံးမသာ ဖြစ်ခြင်းကိုလည်း (သူတစ်ပါးအား) မပြောကြားလင့်၊
ချစ်သား မြတ်သော စကြာရတနာသည် သင့်ဖခင်မှ ဆင်းသက်
လာသော အမွေပစ္စည်း မဟုတ်၊
ချစ်သား -
သင်ချစ်သားသည် -
- အပြစ်ကင်းသော စကြာမင်းတို့၏ ကျင့်ဝတ်တို့ကို ကျင့်ဘိလော့၊
- တစ်ဆယ့်ငါးရက်မြောက်သော (လပြည့်) ဥပုသ်နေ့၌
ဦးခေါင်းဆေး မင်္ဂလာ ပြုပြီးလျှင် မြတ်သော ပြာသာဒ်ထက်သို့
တက်၍ ဥပုသ်ဆောက်တည်လျက် အပြစ်ကင်းသော စကြဝတေးမင်း
ကျင့်ဝတ်ကို ကျင့်နေသော သင်(ချစ်သား) အား အကန့်တစ်ထောင်
ရှိသော အကွပ်ပုံတောင်းနှင့် တကွသော ခြင်းအရာအလုံးစုံရှိသော
မြတ်သော စကြာရတနာသည် ထင်ရှားဖြစ်ပေါ်လတ္တံ့သော
အကြောင်းသည် ရှိသည်သာတည်း '' ဟု (ပြောကြား၏)။

“ မင်းမြတ် မြတ်သော စကြာမင်းတို့၏ ကျင့်ဝတ်ဟူသည် အဘယ်
ပါနည်း ”ဟု (လျှောက်၏)။

“ စကြာမင်းတို့၏ မြတ်သောကျင့်ဝတ် ”
---------------------------------------------
ချစ်သား -
သို့ဖြစ်လျှင် သင် (ချစ်သား) သည် -
* တရားကိုသာလျှင် အမှီပြု၍ တရားကိုသာလျှင် အရို အသေပြုလျက်၊
* တရားကိုသာလျှင် အလေးပြုလျက် ၊
* တရားကိုသာလျှင် မြတ်နိုးလျက် ၊
* တရားကိုသာလျှင် ပူဇော်လျက် ၊
* တရားကိုသာလျှင် တုပ်ဝပ်လျက် ၊
* တရားကိုသာလျှင် တံခွန်သဖွယ်ပြုလျက်၊
* တရားကိုသာလျှင် မှန်ကင်းကဲ့သို့ ပြုလျက် ၊
* တရားကိုသာလျှင် အကြီးအမှူးပြုလျက် -
- အတွင်း သားမယားစသည်၌လည်း ကောင်း၊
- စစ်သည်ဗိုလ်ပါ၌လည်းကောင်း၊
- အရံမင်းတို့၌လည်းကောင်း၊
- ပုဏ္ဏားနှင့် အမျိုးသားတို့၌လည်း ကောင်း၊
- နိဂုံးဇနပုဒ်သားတို့၌လည်းကောင်း၊
- သမဏဗြာဟ္မဏတို့၌လည်းကောင်း၊
- သားငှက်တို့၌လည်းကောင်း တရားနှင့်လျော်သော
စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံစေမှုကို စီရင်လော့။
ချစ်သား -
- သင်၏ နိုင်ငံတော်၌ အနိုင်အထက် နှိပ်စက်မှုများ
မဖြစ်စေလင့်၊
ချစ်သား -
- သင်၏ နိုင်ငံ တော်၌ ပစ္စည်းဥစ္စာ မရှိသူတို့အားလည်း
ပစ္စည်းဥစ္စာကို ပေးကမ်းလော့၊
ချစ်သား -
သင်၏ နိုင်ငံတော်၌ အကြင်သမဏဗြာဟ္မဏတို့သည်
- မာန်ယစ်ခြင်း မေ့လျော့ခြင်းတို့မှ ရှောင်ကြဉ်ကြကုန်၏၊
- သည်းခံခြင်း ကောင်းသော မွေ့လျော်ခြင်း၌ တည်ကြကုန်၏၊
- မိမိ၏ စိတ်ကို ဆုံးမကြကုန်၏၊
- မိမိ၏ စိတ်ကို ငြိမ်သက် စေကြကုန်၏၊
- မိမိ၏ စိတ်ကို ငြိမ်းအေးစေကြကုန်၏၊
ထိုသမဏဗြာဟ္မဏတို့ထံ လျောက်ပတ်သောအခါ ချဉ်းကပ်၍
မေးမြန်းလေလော့၊ စုံစမ်းလေလော့ -
'' အသျှင်ဘုရားတို့ -
* အဘယ်သည် ကုသိုလ်ပါနည်း၊
အဘယ်သည် အကုသိုလ်ပါနည်း၊
* အဘယ်သည် အပြစ်ရှိပါသနည်း၊
အဘယ်သည် အပြစ်မရှိပါသနည်း၊
* အဘယ်ကို မှီဝဲအပ်ပါသနည်း၊
အဘယ်ကို မမှီဝဲ အပ်ပါသနည်း၊
* အကျွန်ုပ် ပြုအပ်သော အဘယ်တရားသည် ရှည်စွာသော ကာလ
ပတ်လုံး အစီးအပွါးမဲ့ ခြင်းငှါ ဆင်းရဲ ခြင်းငှါ ဖြစ်ပါသနည်း၊
* အကျွန်ုပ် ပြုအပ်သော အဘယ်တရားသည် ရှည်စွာသော ကာလ
ပတ်လုံး အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပါသနည်း''ဟု
(မေးမြန်းလေလော့၊ စုံစမ်းလေလော့)။ ထို (သမဏဗြာဟ္မဏ) တို့၏
စကားကို ကြားနာ၍ အကုသိုလ်တရားကို ကြဉ်ရှောင်လော့၊ ကုသိုလ်
တရားကိုဆောက်တည်၍ ကျင့်လေလော့၊
ချစ်သား -
ဤသည်ကား စကြဝတေးမင်းတို့၏ အပြစ်ကင်းသော ကျင့်ဝတ်တည်း
(ပြောကြား၏)။
...................

ထိုမင်းလည်း မင်းရသေ့၏စကားကို ၀န်ခံ၍ စကြဝတေးမင်းတို့၏
အပြစ်ကင်းသော ကျင့်ဝတ်ကို ကျင့် လေ၏။
မကြာမြှင့်မှီပင် စကြရတနာသည် ပြန်လည်ပေါ်ထွန်းလာတော့သည်။
အရပ်လေးမျက်နှာ၌ရှိသော ထီးပြိုင်မင်းတို့သည်လည်း စကြဝတေးမင်း၏
သြဇာခံမင်းတို့ ဖြစ်လေ့ကုန်၏။
ထိုစကြာရတနာသည် သမုဒ္ဒရာအပိုင်းအခြားရှိသော မြေကို အောင်မြင်ပြီး၍
ထိုစကြဝတေးမင်း၏ နေပြည်တော်သို့သာလျှင် တစ်ဖန် ပြန်လည်၍
စကြဝတေးမင်း၏ နန်းတော်တံခါး လွှတ်ရုံးတော်မုခ်ဦး၌ စကြဝတေးမင်း၏
နန်းတော်ကို တင့်တယ်စေလျက် ဝင်ရိုးတပ်ထားဘိသကဲ့သို့ တည်နေ၏။
ဒဠှနေမိစကြဝတေးမင်းကြီး သားတော် စကြ၀တေးမင်းသည်လည်း အနှစ်အတိုင်းအတာအားဖြင့် ရှည်ကြာစွာတရားသဖြင့်အုပ်ချုပ်ပြီးနောက်-
တောထွက်တော်မူလေ၏။

- မြတ်ဗုဒ္ဓ
( စက္ကဝတ္တိသုတ်မှ ကောက်နုတ်ချက် )

No comments:

Post a Comment