Friday, 16 August 2013

"၀ိပဿနာရှုမှတ်ခြင်းအကျိုး"


မြတ်စွာဘုရားက ၀ိပဿနာရှုမှတ်နေတဲ့ ရဟန်း၊ ယောဂီ၊ လူယောဂီတွေအတွက် အားမငယ်ဖို့ မျှော်လင့်စရာ တိုက်တွန်းအားပေးထားတဲ့ သုတ်တစ်သုတ်ရှိပါတယ်။
အင်္ဂုတ္ထိုရ်ထဲက သောတနုဂတသုတ်ပါ။

ကျင့်စဉ်လေးပါးကို ကျင့်ရင် အကျိုးလေးပါး ရှိရမယ်ဆိုတာ ဟောပြထားတာပါ။ ကျင့်စဉ်လေးပါးကို တိပိဋကမင်းကွန်းဆရာတော်ဘုရားကြီးက ဉာဏ်စဉ်လေးပါးနဲ့တွဲပြီး ရှင်းပြထားတာပိုပြီး သဘောပေါက်စေ ပါတယ်။
လိုရင်အနှစ်ချုပ်ကတော့-

၁။ သုတမယဉာဏ်ဖြစ်အောင် တရားနာပါ။

၂။ ဓာရဏာမယဉာဏ်ဖြစ်အောင် နာထားတဲ့အထဲက ကျက်ဆောင်သင့်တာကို ကျက်ဆောင်ထားပါ။

၃။ စိန္တာမယဉာဏ်ဖြစ်အောင် ကျက်ထားဆောင်ထားတဲ့ တရားကို ဆင်ခြင်စဉ်းစားပါ။

၎။ ဆင်ခြင်စဉ်းစားလို့ သဘောပေါက်လာပြီဆိုရင် ဘာဝနာမယဉာဏ်ဖြစ်အောင် အနိစ္စ ဒုက္ခ အနတ္တ ၀ိပဿနာ ဘာဝနာရောက်အောင် အားထုတ်ပါတဲ့။

အဲ့လိုအားထုတ်ရင် အကျိုးလေးပါးကို ဧကန်ရပါလိမ့်မယ်တဲ့။

အကျိုးလေးပါးဆိုတာက-

၁။ သေလွန်သောအခါ နတ်ပြည်မှာဖြစ်မယ်။ နတ်ပြည်မှာဖြစ်တဲ့အခါ ကိုယ်အားထုတ်ခဲ့တဲ့ တရားတွေပြန်ပေါ်ပြီး မဂ်ဖိုလ်ကို ရသွားပါလိမ့်မယ်တဲ့။

၂။ တကယ်လို့ တရားတွေ မပေါ်ခဲ့ရင်လည်း လူ့ပြည်က တန်ခိုးကြီးတဲ့ ရဟန်းတော်တွေကြွပြီး နတ်တွေကို တရားဟောပါတယ်တဲ့။ အဲဒီအခါ " ငါကျင့်ခဲ့ဖူးတဲ့ တရားတွေပဲ " ဆိုပြီး တရားထူးကို ရသွားနိုင်ပါတယ်တဲ့။

၃။ ရှေ့က နှစ်နည်းနဲ့မရင်ရင်လည်း ဓမ္မကထိက နတ်သားတွေက တရားဟောတတ်ပါတယ်တဲ့။ ဓမ္မကထိက နတ်သားရဲ့တရားကို နာရတဲ့အခါ " လူ့ပြည်တုန်းက ငါကျင့်ခဲ့တဲ့ တရားတွေပဲ " လို့ ပြန်သတိရပြီး တရားထူးရသွား နိုင်ပါတယ်တဲ့။

၎။ ဒီနည်းသုံးနည်းနဲ့မရရင် ဘာမှအားမငယ်ပါနဲ့တဲ့။ လူ့ပြည်မှာတုန်းက တရားကျင့်ဖော်ကျင့်ဖက်တွေ နတ်ပြည်မှာ ပြန်တွေ့ကြရပါတယ်တဲ့။ အဲဒီအခါ " သူငယ်ချင်း.... လူ့ပြည်မှာတုန်းက ဒီတရားတွေ ဒို့ကျင့်ခဲ့ တယ်လေ၊ ပြန်သတိရစမ်းပါ " လို့ အချင်းချင်း သတိပေးပါလိမ့်မယ်တဲ့။ အဲဒီအခါ " အေး...ဟုတ်တယ်၊
ငါ သတိရပြီ " ဆိုပြီး တရားထူး ရသွားပါလိမ့်မယ်တဲ့။

ကဲ......ဘယ်လောက်အားရစရာ ကောင်းသလဲ။ မြတ်စွာဘုရားဟောပြထားတဲ့ အားရစရာ အားပေးတိုက်တွန်း စကားတော်တွေပါ။ လူ့ပြည်မှာ တရားထူးမရလို့ ဘာမှအားငယ်စရာ မလိုပါဘူး။ နတ်ပြည်မှာ ရနိုင်ပါတယ်။ ကိုယ်က လူ့ပြည်မှာ ကြိုးကြိုးစားစား ကျင့်ခဲ့ရင်ပေါ့။

သံသရာနဲ့ ချီပြောရရင် ကာမဂုဏ်မျိုးစုံက ခံစားခဲ့ဖူးပြီးပါပြီ။ လူ့ဘ၀ရခိုက် သာသနာနဲ့ကြုံတုန်းလေးမှာ အားထုတ်ပစ်လိုက်စမ်းပါ။ ၀ိပဿနာကို။

ရဝေနွယ်(အင်းမ)

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများမှ ကူးယူသည်။

No comments:

Post a Comment