ဝါဆိုလ
မြန်မာပြက္ခဒိန်၏ စတုတ္ထလ
ယခင်အမည် နွယ်တာ
ဝါထပ်နှစ်တွင် ပဝါဆို နှင့် ဒုဝါဆို ဟူ၍ နှစ်မျိုးရှိ
ဂျွန်-ဂျူလိုင်တွင် ကျရောက်သည်
ရှေးအခါ ကာလက နွေတာလ ဟုရေးသားကြသည်
နွေတာလ အသုံးအနှုန်းသည် ပုဂံခေတ်သုံးပင် ဖြစ်သည်။
သာသနာတော် ထွန်းကားရေးကို ရှေ့ရှုပြီး ရဟန်းသံဃာတော်တို့ ၀ါဆိုဝါကပ်ပြုတော်မူသည်ကို အကြောင်းပြုကာ ၀ါဆိုလဟုခေါ်ဝေါ်ကြခြင်း ဖြစ်သည်။
နွေဥတု၊ မိုးဥတု၊ နှစ်ဥတုလုံး၌ ပါဝင်သည်။
ဝါဆိုလဆန်း ၁၅-ရက်သည် နွေရာသီ၌ အကျုံးဝင်သည်
ဝါဆိုလပြည့်ကျော် ၁၅-ရက်သည် မိုးရာသီ၌ အကျုံးဝင်သည်။
မြတ်စွာဘုရားလောင်းလျာသည် မိခင်မယ်တော်မာယာဧ။် ဝမ်းတွင်းဝယ် ဝါဆိုလပြည့်နေ့တွင် ပဋိသန္ဓေနေတော်မူပါသည်။
ဖွားမြင်မြောက်သောအခါ သိဒ္ဓတ္ထဂေါတမ အမည်ရလေဧ။်။
ဆယ့်ခြောက်နှစ်ဝယ် ယသော်ဓရာနှင့် ထိန်းမြား လက်ထပ်လေဧ။်
ရာဟုလာ အမည်ရသော သားတော်တစ်ပါး မွေးဖွားလေဧ။်
သူအို, သူနာ, သူသေ, ရဟန်း, ဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူ၏
(၁) လောကကြီး၏ မရှင်မသန်တော့ဘဲ အိုမင်းရင့်ရော်နေခြင်းနိမိတ်၊(သူအို)
(၂) လောကကြီး၏ ပျက်စီးယိုယွင်းနေသည့် နိမိတ်၊(သူနာ)
(၃) လောကကြီး၏ ရှင်သန်မှုကင်း၊ သေဆုံးနေခြင်း နိမိတ်၊(သူသေ)
(၄) လောကကြီးအတွက် အပြစ်အနာအဆာ ကင်းမဲ့ရာကို ရှာဖွေခြင်းနိမိတ်၊(ရဟန်း) ဟူ သောနိမိတ်ကြီးလေးပါး ဖြစ်သည်။
ယင်းနိမိတ်ကို နှောင်းလူများက သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟု တင်စားပြောဆို သိနားလည်ခဲ့ကြ၏။ ယင်းနိမိတ်များကို ဆင်ခြင်သံဝေဂယူခါ သိဒ္ဓတ္ထကုမာရ သည် ထီးနန်း ကိုစွန့်ခါ ဖန်ရည်စွန်းအ၀တ်ကိုဝတ်၍ အိုမင်းရင့်ရော်ခြင်း၊ ပျက်စီးယိုယွင်းခြင်း၊ ရှင်သန်မှုကင်း သေဆုံးခြင်းတို့မှ လောကကြီးလွတ်မြောက်ရေး ရနိုင်မည့် တရား (ဥတ္တရိမနုဿဓမ္မ)ကို ရှာဖွေခဲ့သည်။
ဝါဆိုလပြည့်နေ့ ညသန်းခေါင်ယံ အချိန်တွင် ဖွားဖက်တော် မောင်စံ ကဏ္ဍကမြင်းတော် တို့ နှင့် ဥရုဝေလ တောသို့ ဥာဏ်အလင်းရောင်တွေကို ရှာဖွေရန် တောထွက်တော်မူပါသည်။
သိဒ္ဓတ္ထကုမာရသည် တရားရှာဖွေရန်ထွက်ခွါရာ၌-
(၁) ငါ -တရားသိသလို လူတွေအားလုံး တရားသိစေရမည်၊ (ဗုဒ္ဓေါဗောဓေယျံ)။
(၂) ငါ -တရားကျင့်သလို လူတွေအားလုံး တရားကျင့်စေရမည်၊(တိဏ္ဏော တာရေ ယျံ)။
(၃) ငါတရားရ၍ လွတ်မြောက်ပြီး ငြိမ်းချမ်းသလို၊လူတွေအားလုံးတရားရ၍ လွတ် မြောက်ပြီး ငြိမ်းချမ်းစေရမည်၊ (မုတ္တော မောစေယျံ)-ဟု ရည်ရွယ်ချက်ထားရှိခဲ့ သည်။ သိဒ္ဓတ္ထမင်းသားသည် တရားရှာဖွေသည့်အခါ ကာမအာရုံများကိုအပြစ်မြင် စွန့်ခွါခဲ့ပြီးနောက်၊
(၁) အာရုံအများကို ၀င်စားခြင်း အတွေးစိတ်များကို ပယ်ဖျက်၍(သညာဝိရာဂ)၊ တစ်နေရာတည်းတွင် တစ်ကိုယ်တည်း၊ တစ်အာရုံတည်းမှာ တစ်စိတ်တည်းဖြင့် (ရုပ်)အာရုံတစ်ခုတည်းမှာစွဲမြဲစေသော ရူပဈာန်အကျင့်ကိုလည်းကျင့်ခဲ့သည်။ ထိုအ ခါအသိမဲ့ချမ်းသာကို ခံစားရသည်။ ထိုအသိမဲ့ချမ်းသာသည် ကာမချမ်းသာ ထက် ပို၍ပို၍ ချမ်းသာသော်လည်းလောကကြီးလွတ်မြောက်ရေး ရနိုင်မည့်တရား(ဥတ္တရိမနုဿဓမ္မ)ကို မရခဲ့ပေ။
(၂) ထိုနောက် မဂဓတိုင်း ဂယာမြို့အနီး ဥရုဝေလတောဝယ် အာဠာရ၊ ဥဒက ဟုအမည်ရှိသော ရသေ့များထံ နည်းခံ၍ ရုပ်အာရုံ များကိုပယ်ဖျက်ခြင်း(ရူပ၀ိရာဂ)၊ ထိုမရှိအာရုံ၌စွဲမြဲစေသောအရူပဈာန်အကျင့်ကို လည်းကျင့်ခဲ့သည်။ ထိုအခါ အရှိမဲ့ချမ်းသာကို ခံစားရသည်။ ထိုအရှိမဲ့ချမ်းသာသည် ကာမချမ်းသာထက် ပို၍ချမ်းသာသော၊ ရူပဈာန်(အသိမဲ့ချမ်းသာ)ထက် ပို၍ပို၍ အလှိုင်းကြီး ချမ်းသာသော်လည်း လောကကြီးလွတ်မြောက်ရေးရနိုင်မည့်တရား (ဥတ္တရိမနုဿဓမ္မ)ကို မရခဲ့ပေ။ သိဒ္ဓတ္ထကုမာရသည် ရှေးဟောင်း အိန္ဒိယ ယောဂီ ပရိဗိုဇ်တို့ဧ။် အတ္တကိလမထာ (ပင်ပန်းစွာခန္ဓာကိုယ် ညင်းဆဲကြောင်း) ရူပဈာန်၊ အရူပဈာန်များကို ပြင်းပြင်းထန်ထန် အဆင်းရဲအပင်ပန်းခံ၍ သေလုနီးပါး ၆နှစ်မျှကျင့်သော်လည်း လောကကြီးလွတ် မြောက်ရေး ရနိုင်မည့်တရား (ဥတ္တရိမနုဿဓမ္မ)ကို ရှာမတွေ့ခဲ့ ပေ။ အရူပဈာန်ကျင့်ရင်း သေလုနီးပါး ဖြစ်သောအခါမှ သတိပြန်လည်ကာ ယင်းအကျင့်များသည် ကိုယ့်ကိုယ်စိတ်ညှဉ်းပမ်းရေးလမ်း တစ်နည်းအားဖြင့် ဘ၀ညိုးနွမ်းခြောက်ခန်းစေသောအကျင့်(အတ္တကိလမထာနုယောဂ)အဖြစ်ဖြင့်တရားမရစေသောလမ်း ဟု သိမြင်၍၊ ယင်းအကျင့်များ စွန့်ပယ်လိုက်သည်။
(၆)နှစ်တို့ ကာလပတ်လုံး ထိုတောဝယ်(၆) နှစ်တိုင်တိုင် ပင်းပန်းစွာ ကျင့်ကြံသော်လည်း တရားထူးကိုမရရှိပေ၊
သမ္မာသမ္ဗုဒ္ဓဘုရားဖြစ်ခြင်း
ထို့နောက် ငယ်စဉ်ပက်လက်မျှနေစဉ် လူမမည်ဘ၀က၊ ဖခင်သုဒ္ဓေါဒနဘုရင်ကြီး လယ်ထွန်မင်္ဂလာဆင်းစဉ် ဖခင်ဘုရင်ကြီး၏ ဂရုဂါရ၀ပြုခံရမှု၏ အကြောင်းရင်းများကို ပြန်လည်ဆင်ခြင်ကာ၊ ယင်းနေထိုင်မှုကို ပြန်လည်ကျင့်သုံးရင်း အမြင့်မြတ်ဆုံးသော လူသား၏ ဂုဏ်ရည်သိက္ခာတရား (ဥတ္တရိမနုဿဓမ္မ)ကို ထိုးထွင်းသိမြင်ခဲ့သည်။ တရားကိုသိမြင်၍ အရိယသစ္စာစက်လည်ကာ သမ္မာသမ္ဗုဒ္ဓဘုရား ဖြစ်သည်။ ထိုနေ့ သည် မဟာသက္ကရာဇ် ၁၀၃ခုနှစ်၊ ကဆုန်လပြည့်နေ့၏ နေအရုဏ်တက်ချိန်ဖြစ် သည်။
ဘုရားသည် တရားထိုးထွင်းသိမြင်ပြီး နှစ်လ တရားမဟောဘဲ တရားကိုသာ အဖန်ဖန် ပြန်လည်သုံးသပ်ကာနေသည်။ သဟမ္ပတိ ဗြဟ္မာ၏ တောင်းပန်မှုဖြင့် ကာသိတိုင်း ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောဝယ်ရှိသော ပဉ္စဝဂ္ဂီငါးဦး (တို့ကိုတရားဦးဟောကြားရန် ကြွချီတော်မူသည် ။
ဘုရားဖြစ် ၍နှစ်လတိတိအကြာ ၀ါဆိုလပြည့်နေ့၌ (မိဂဒါဝုန်)၌ တရားနာသူငါးဦး အဖွဲ့ကို ပထမဆုံး တရားဟောသည်။ ပဉ္စ၀ဂ္ဂီဟု အသိများကြသည်။ ဝါဆိုလပြည့်နေဝယ် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် သူ့ဘဝဧ။် ပထမဦးဆုံးဖြစ်သော ဓမ္မစင်္ကြာ တရားတော်ကို ပဉ္စဝဂ္ဂီ ငါးဦးတို့အား ဟောကြားတော်မူလေသည်။
တရားဟော ကြားရာ၌ တရားရှာသူများ ရှောင်ရမည့် တရားအန္တရာယ်နှစ်ပါးနှင့် အရိယသစ္စာ လေးပါး တရားပြချက်၊ တရားစက်လည်ပုံများဖြစ်သည်။ ထိုတရားကို (ဓမ္မစကြာ တရားတော်) ဟု ယနေ့သိကြသည်။ ဓမ္မစကြာတရားတော်သည် ဘုရားရှင် တရားရပုံ(ဗုဒ္ဓ၀င်)ကို ပြန်လည်ပြောပြသောတရား ဖြစ်သည်။ ဘုရားရှင်ဟောသောတရားမှာ သိဒ္ဓတ္ထကုမာရကို သမ္မာသမ္ဗုဒ္ဓ စင်စစ်ဖြစ်စေသော (ပဋိစ္စသမုပ္ပါဒ်တရား)ဖြစ်သည်။ ထိုတရားကိုအခြေခံ၍ အရိယသစ္စာလေးပါးတရားကိုဟောခြင်းဖြစ်သည်။
ဓမ္မစကြာတရားဒေသနာသည် ဘုရားရှင်၏ ၄၅နှစ်တာကာလအတွင်း ဟောကြား သော တရားအားလုံး၏ အုတ်မြစ်တရားလည်း ဖြစ်သည်။ ပထမနေ့၌ ပဉ္စ၀ဂ္ဂီငါးဦးအဖွဲ့မှ တစ်ဦးသာ ဘုရားတရားကို နားလည်ခဲ့သည်။ ထိုနေ့မှာပင် ထိုတရား သိသူသည် ဘုရားထံ တပည့်သံဃာအဖြစ်ခွင့်ပန် ၀င်ရောက်ခဲ့သည်။ နောက်တစ် ရက်စီ၌ တစ်ဦးစီ တရားရပြီး သံဃာဝင်များ ဖြစ်ကြသည်။ ဤသို့ဖြင့် ၀ါတွင်းသုံးလ ကာလ တရားဟောခဲ့ရာသီတင်းကျွတ်တွင် သံဃာဦးရေခြောက်ဆယ် ရရှိလာ သည်။
ဝါဆိုလပြည့်နေ့ကား သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဆိုသည့်အတိုင်း ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း။ တောထွက်တော်မူခြင်း။ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း။ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်းဟူသော ထူးခြားသည့် ဘာသာရေးမှတ်တိုင်ကြီးများကို စိုက်ထူခဲ့သောနေ့ ဖြစ်သည်။
ဝါဆိုလပြည့်နေ့သည် ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်သည်။
တရားရတနာ စတင်ပေါ်ပေါက်ရာနေ့ဖြစ်သည်။
သံဃာရတနာစတင်ပေါ်ထွန်းသောနေ့ဖြစ်သည်။
ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံသောနေ့လည်းဖြစ်သည်။
ဧဟိ ဘိက္ခု ဟူသော စကားကို စတင်ကြားရသော နေ့လည်းဖြစ်သည်။
သန္ဓေ တောထွက် ၊ ဓမ္မစက် ၊ တစ်ချက် ပြာဋိဟာ။
ဝါဆိုလပြည့်၊ ထူးခြားနေ့ ၊ အောက်မေ့ ဤလေးဖြာ။
(၁) ပဋိသန္ဓေတည်သည့်နေ့  = မဟာသက္ကရာဇ် - ၆၇၊ ၀ါဆိုလပြည့် (ကြာသပတေးနေ့ )
သန္ဓေယူသောနေ့
နတ်ဗြဟ္မာပေါင်း၊ ခွင့်တောင်းကြလေ၊
လောင်းတော်နတ်မင်း ၊ သက်ဆင်းစုတေ။
မယ်တော်ဝမ်းတိုက်၊ ကိန်းပိုက်သန္ဓေ၊
ဝါဆိုလ ၊ ပုဏ္ဏ ဒိဝသေ။
……………………………………….
သုံးလူ့ရှင်ပင်၊ ကျွန်းထိပ်တင်၊ သောင်းခွင်
စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊
တောင်းပန်မူကြောင့်၊ ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည်
“ဝါဆိုလပြည့် ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ
သန္ဓေ ယူသည်” နတ်, လူ ငြိမ်းဖို့ကိန်းပါကို…။
(၂) တောထွက်သည့်နေ့  = မဟာသက္ကရာဇ် - ၉၇၊ ၀ါဆိုလပြည့် (တနင်္လာနေ့ )
တောထွက်သောနေ့
နိမိတ်လေးဆင့်၊ ဘေးဖြင့်ထင်လေ၊
ယသော်ခင်လေး၊ ရင်သွေးရဝေ။
မငဲ့ကွက်လို့၊ တောထွက်တုံချေ၊
ဝါဆိုလ၊ ပုဏ္ဏ ဒိဝသေ။
……………………….
ဖွားမြင်မြောက်သော်၊ ဆယ်ခြောက်နှစ်ရွယ်
ပျိုမြစ်နုနယ်၌၊ သုံးသွယ်ရွှေနန်း သိမ်းမြန်းပြီးလစ်၊
ဆယ်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊
“ရွယ်မူနုဖြိုး၊ နှစ်ဆယ်ကိုးဝယ်” လေးမျိုးနိမိတ်၊
နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊
“၀ါဆိုလပြည့် ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ
တောရပ်လှုံသည်” စုံမြိုင်ပင်ရိပ်ခမ်းမှာကို……။
(၃) ဓမ္မစကြာတရားဦးဟောနေ့  = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့ )
ဓမ္မစကြာဟောသောနေ့
မိဂဒါတော၊ သာမောမြိုင်ခြေ၊
ပဉ္စ၀ဂ်အား ၊ မြတ်ဖျား စိန္တေ။
ဓမ္မစက်သုတ်၊ မြွက်ထုတ်လှစ်ခြွေ၊
ဝါဆိုလ ပုဏ္ဏ ဒိဝသေ။
……………………………………..
ဘုရားဖြစ်ကာ၊ မိဂဒါသို့၊ စကြာရွှေဖ၀ါး
ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ စုံအညီနှင့် မဟီတစ်သောင်း
တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား
“၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့
လျှံတက်၊ ဓမ္မစက်ကို” မိန့်မြွက်ထွေပြား၊
ဟောဖော်ကြားသည်၊ တရားနတ်စည်ရွှမ်းတယ်ကို….။
…………………………………….
တန်ခိုးပြာဋိကာ ပြသောနေ့
ပြောင်လျှံထိန်ညီး၊ ရေမီးထွေထွေ၊
အံ့ဖွယ်ဖန်ဆင်း၊ ဘက်ကင်းသရေ။
အမျိုးမျိုးပ၊ တန်ခိုးသင်္ချေ၊
ဝါဆိုလ ပုဏ္ဏ ဒိဝသေ။
(၄) သောတာပန်လူသားစပေါ်သည့်နေ့  = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့ )
(၅) သံဃာရတနာစပေါ်သည့်နေ့  = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့ )
( ဗုဒ္ဓဘာသာဝင်များသည် ၀ါဆိုလပြည့်နေ့ ၏ အဓိပ္ပာယ်ကို လေးလေးနက်နက်နားလည် သင့်ပေသည်။)
ဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားများသို့ သွားရောက်၍ ဥပုသ်သီလဆောက်တည်ခြင်း
ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်း
ဝါတွင်းသုံးလတွင် တရားဘာဝနာ ကျင့်ကြံအားထုတ်ခြင်းများ စသည်တို့ကိုပြုသင့်သည်။
……………………..
ဓမ္မစင်္ကြာတရားတော်
ဘုရားအလောင်းတော်သည် (၂၉)နှစ်ထိ ကာမဂုဏ် အာရုံတို့ဖြင့် ပျော်ပါးနေခဲ့သော ‘ကာမသုခလ္လ’ိကာနု ယောဂ လက်ယာစွန်း ရောက်နေစဉ် လောဘကိုသာ ဖြစ်စေပြီး၊ (၂၉)နှစ်မှ (၃၅)နှစ်အထိ (၆)နှစ်လုံးလုံး ခန္ဓာကိုယ်ကို အမျိုးမျိုး နှိပ်စက် ညှင်းဆဲပြီး ကျင့်သော ဒုက္ကရစရိယာအကျင့် ‘အတ္တကိလမထာနုယောဂ’ လက်ဝဲ စွန်း ရောက်နေစဉ် ဒေါသကိုသာ ဖြစ်စေသဖြင့် တရားမရ ဖြစ်နေသောကြောင့် ၄င်းအစွန်းနှစ်ပါးကို ရှောင်ပြီး ‘မဇ္စျိမပဋိပဒါ’ (ခေါ်) မဂ္ဂင်ရှစ်ပါး အကျင့်ကို ကျင့်မှသာလျှင် သစ္စာလေးပါး ကို သိမြင်နိုင်သော တရားဖြစ်သည်ဟု ဟောကြားသော တရားဖြစ်သည်။
ဝါတွင်းကာလရောက်လျှင် ရဟန်းသံဃာတော်များ ၀ါဆိုဝါကပ်ရခြင်းအကြောင်းများ
မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းတို့အား ၀ါဆိုဝါကပ် ပညတ်တော် မမူသေးသောကြောင့် ရဟန်းတော်တို့သည် နွေ.မိုး.ဆောင်း ဥတု၃ပါးလုံး ဒေသစာရီ လှည့်လည်တော် မူခဲ့ကြသည်။
ရှေးအခါ သံဃာ အနည်းငယ်သာ ရှိစဉ်ခိုက်မှာ ၀ါဆိုစရာ အထူးမလိုခဲ့။
မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်က စရထ ဘိက္ခဝေ စာရိကံ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ... စသဖြင့် မိန့်တော်မူပါတယ်။
သံဃာနည်းပါးချိန်မှာ သာသနာပြန့်ပွားရေး အတွက် ဒေသစာရီ ကြွခိုင်းခဲ့သည်။
လူတို့သည် သာကီဝင်မင်းသား ဘုရားအနွယ်တော် ဖြစ်သောရဟန်းတို့က ''အဘယ်ကြောင့် ဆောင်း နွေမိုးဥတုသုံးပါးလုံး စိမ်းရှင်သော မြက်ပင်တို့ကို နင်းချေကုန်လျက် အသက်ဟုဆိုအပ်သော တစ်ခုသော ဣနြေ္ဒကို ညှဉ်းဆဲကာ သေးငယ်သည့် များစွာသော သတ္တဝါတို့ကို ပျက်စီးခြင်းသို့ ရောက်စေ၍ ဒေသစာရီ လှည့်လည် ကုန်ဘိသနည်း ၊ မကောင်းသဖြင့် ဟောအပ်သော တရားရှိသော သာသနာတော်မှ တစ်ပါးသော အယူရှိသော တိတ္ထိတို့သော်မှလည်း မိုးလတို့ပတ်လုံး ကြောင့်ကြမဲ့ ကိန်းအောင်း နေထိုင်ကြကုန် သေး၏၊ ငှက်တို့သော်မှလည်း သစ်ပင်ဖျားတို့၌ အသိုက်ပြုကာ မိုးလတို့ပတ်လုံး ကြောင့်ကြမဲ့ မြဲစွဲစွာ နေကြကုန်သေး၏။ ဤသာကီဝင်မင်းသားဘုရားအနွယ်တော် ဖြစ်သောရဟန်းတို့သည်ကား ဆောင်း နွေမိုးဥတုသုံးပါးလုံးစိမ်းရှင်သော မြက်ပင်တို့ကို နင်းချေကုန်လျက် အသက်ဟုဆိုအပ်သော တစ်ခုသောဣနြေ္ဒကို ညှဉ်းဆဲကာ သေးငယ်သည့် များစွာသော သတ္တဝါတို့ကို ပျက်စီးခြင်းသို့ ရောက်စေလျက် ဒေသစာရီလှည့်လည်ကုန်၏'' ဟုကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ ရဟန်းတို့သည် ကဲ့ရဲ့ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသောအခါ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူ၍ ရဟန်းတို့အား ''ရဟန်းတို့ ဝါကပ်စိမ့်သောငှါ ခွင့်ပြု၏'' ဟုမိန့်တော်မူ၏။ ထိုအခါရဟန်းတို့အား ''အဘယ်အခါ၌ဝါကပ်အပ်ပါသနည်း'' ဟုအကြံဖြစ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ''ရဟန်းတို့မိုးလ၌ဝါကပ်စိမ့်သောငှါခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။ ထိုအခါ ရဟန်းတို့အား ''ဝါကပ်ခြင်းတို့သည် အဘယ်မျှရှိကုန်သနည်း'' ဟုအကြံဖြစ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ ဝါကပ်ခြင်းတို့သည် ပုရိမဝါကပ်ခြင်း၊ ပစ္ဆိမဝါကပ်ခြင်းဟူ၍ နှစ်မျိုးရှိကုန်၏။ ဝါဆိုလပြည့်ကျော်တစ်ရက်နေ့၌ ပုရိမဝါကပ်ရမည်၊ ဝါဆိုလပြည့် နေ့မှတစ်လလွန်ပြီးသော လပြည့်ကျော်တစ်ရက် 'ဝါခေါင်လပြည့်ကျော်တစ်ရက်' နေ့၌ ပစ္ဆိမဝါကပ်ရမည်၊ ရဟန်းတို့ဝါကပ်ခြင်းတို့သည် ဤနှစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။ ကျောင်းလို့ အမည်ရမှ ၀ါကပ်ရမည်ဟုမဟုတ်ချေ။ မြတ်စွာဘုရားသည် ၀ါဆိုရာဋ္ဌာနများ သတ်မှတ်ပေးထားခဲ့သည်။ လှည်း, လှေ, နွားခြံ တို့နေရာသည်လည်း ၀ါဆိုဝါကပ်ခွင့် ပေးထားခဲ့၏။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် နွားကျောင်းသားတို့၏ နေရာ၌ ဝါကပ်ခြင်းငှါ အလိုရှိ၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ နွားကျောင်းသားတို့၏ နေရာ၌ ဝါကပ်ခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။ နွားကျောင်းသားတို့၏ နေရာသည် ပြောင်းရွှေ့၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ နွားကျောင်းသားတို့၏ နေရာရှိရာသို့ ကပ်ခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။ ရဟန်းတစ်ပါးသည် ဝါဆိုရန် အချိန်အခါ နီးလတ်သော် လှည်းကုန်သည်နှင့် သွားခြင်းငှါ အလိုရှိ၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ လှည်း၌ ဝါကပ်ခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။ ရဟန်းတစ်ပါးသည် ဝါဆိုရန် အချိန်အခါ နီးလတ်သော် လှေဖြင့် သွားခြင်းငှါ အလိုရှိ၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ လှေ၌ ဝါကပ်ခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏) ၀ါမကပ်သင့်သော နေရာများမှာလည်း မြတ်စွာဘုရားသည် မိန့်တော် မူခဲ့လေ၏။ သစ်ခေါင်း, သစ်ခွ, လွင်တီးခေါင်, အမိုးမရှိသောနေရာ ကျောင်းအိပ်ယာ နေရာမရှိသောနေရာ, သူသေကောင်ဖုတ်ရာနေရာတဲ, ထီး, အိုးစရည်းဤ နေရာ (၇) နေရာကို ၀ါမကပ်ရန်မိန့်မှာတော်မူခဲ့သည်= ပညတ်တော်မူခဲ့သည်။ မြတ်စွာဘုရားသည် ထိုဝါမကပ်သင့်သည့် နေရာဋ္ဌာနတွေ မှာလည်း အကြောင်းတရားတွေ ရှိခဲ့ခြင်းကြောင့် ၀ါဆိုဝါကပ်ခွင့် မပေးခဲ့ခြင်း ဖြစ်သည်။ တစ်ရံရောအခါ ရဟန်းတို့သည် သစ်ခေါင်း၌ ဝါကပ်ကုန်၏။ လူတို့သည် ''ဘီလူးငယ်တို့နှင့်တူကုန်၏'' ဟုကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ သစ်ခေါင်း၌ ဝါမကပ်အပ်၊ ဝါကပ်သောရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏ ဟု (မိန့်တော်မူ၏)။ တစ်ရံရောအခါ ရဟန်းတို့သည် သစ်ပင်ခွ၌ ဝါကပ်ကုန်၏။ လူတို့သည် ''သားမုဆိုးတို့နှင့်တူကုန်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ သစ်ပင်ခွ၌ ဝါမကပ်အပ်၊ ဝါကပ်သောရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏ဟု (မိန့်တော်မူ၏)။ တစ်ရံရောအခါ ရဟန်းတို့သည် လွင်တီးခေါင်၌ ဝါကပ်ကုန်၏။ မိုးရွာသည်ရှိသော် သစ်ပင်ရင်းသို့ လည်းကောင်း၊ တံစက်မြိတ်သို့ လည်းကောင်း ပြေးကပ် ကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ လွင်တီးခေါင်၌ ဝါမကပ်အပ်၊ ဝါကပ်သောရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏ဟု (မိန့်တော်မူ၏)။ တစ်ရံရောအခါ ရဟန်းတို့သည် ကျောင်းအိပ်ရာ နေရာမရှိဘဲ ဝါကပ်ကုန်၏။ အချမ်းကြောင့် လည်းကောင်း၊ အပူကြောင့် လည်းကောင်း ပင်ပန်းကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ ကျောင်းအိပ်ရာ နေရာမရှိဘဲ ဝါမကပ်အပ်၊ ဝါကပ်သောရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏ဟု (မိန့်တော်မူ၏)။ တစ်ရံရောအခါ ရဟန်းတို့သည် သူသေကောင် ထားရာတဲ၌ ဝါကပ်ကုန်၏။ လူတို့သည် ''သူသေကောင်ကို မီးဖုတ်သောသူတို့နှင့် တူကုန်၏'' ဟုကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ သူသေကောင် ထားရာတဲ၌ ဝါမကပ်အပ်၊ ဝါကပ်သောရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏ဟု (မိန့်တော်မူ၏)။ တစ်ရံရောအခါ ရဟန်းတို့သည် ထီး၌ဝါကပ်ကုန်၏၊ လူတို့သည် ''နွားကျောင်းသားတို့နှင့် တူကုန်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ ထီး၌ဝါမကပ်အပ်၊ ဝါကပ်သောရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏ဟု (မိန့်တော်မူ၏)။ တစ်ရံရောအခါ ရဟန်းတို့သည် အိုးစရည်းကြီး၌ ဝါကပ်ကုန်၏။ လူတို့သည် ''တိတ္ထိတို့နှင့်တူကုန်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ အိုးစရည်းကြီး၌ ဝါမကပ်အပ်၊ ဝါကပ်သော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏ ဟု (မိန့်တော်မူ၏)။
ဝါဆိုရန် ရွတ်ဆိုရသော ပါဠိတော်မှာဝါဆိုခြင်း = “ ဣမသ္မိံ ၀ိဟာရေ ဣမံ တေမာသံ ၀ဿံ ဥပေမိ - မိမိ သီတင်းသုံးသော ကျောင်းတိုက် အရာမ်အတွင်း၌ ဤမိုးလရာသီ ၀ါတွင်းသုံးလပါတ်လုံး (၀ါဆိုလပြည့်ကျော် တစ်ရက်နေ့မှစ၍ သီတင်းကျွတ် လပြည့်နေ့ထိ ) အတည်တကျ သီတင်းသုံးနေထိုင်ပါ့မည် ”ဟုဖြစ်၏
အခြားသော ဝါဆိုရာ၌ ရွတ်ဆိုပုံများလည်း ရှိပါ၏ ဝါကပ်မည့် နေရာ ဌာနကိုလိုက်၍ ပြောင်းလဲ ရွတ်ဆိုကြပါသည်။
ခြွင်းချက်အနေနဲ့ မြတ်စွာဘုရားသည်။ ဒါနဉ္စဒါတုံ။ ဓမ္မဉ္စ သောတုံ။ ဘိက္ခုစပဿိတုံ။ အလှူပေးခြင်းငှာ လည်းကောင်း။ တရားတော်ကို နာယူခြင်းငှာ လည်းကောင်း။ ရဟန်းသံဃာအား ဖူးမြင်ခြင်းငှာ လည်းကောင်း ၀ါတွင်းကာလမှာ သွားလာနိုင်ရန်အတွက် အနုပညတ် အနေနဲ့ ခွင့်ပြုခဲ့သည်။
ဝါပန်ခြင်း = အန္တော သတ္တာဟေ ပဋိနိဝတ္တေဿာမိ။
၁။ ဒါတုံ- တစုံတယောက်က အလှူဒါနပြုလုပ်လို၍ ပင့်လျှောက်သောအခါ။
၂။ သောတုံ- တစုံတယောက်က တရားဓမ္မကိုကြားနာလို၍ ပင့်လျှောက်သောအခါ။
၃။ ပဿိတုံ- တစုံတယောက်က ဖူးမြင်လို၍ ပင့်လျှောက်သောအခါ။
ဝါပန်၍ကြွနိုင်သည် ။ ၇ ရက်မတိုင်မှီပြန်ရောက်ရမည် ။ ၇ ရက်အတွင်း ဝါဆိုရာ ကျောင်း နေရာ သို့ ပြန်ရောက်အောင်လာမည်ဟု ဆုံးဖြတ်၍ စိတ်တွင်းမှသာ ကြံဆ၍ သွားလျှင်လည်းရပါသေးသည်။
ဝါတွင်းကာလမှာ ၀ါကျိုးဝါပျက်ခြင်းသည် ဒုက္ကဋ်အာပတ်သာ သင့်စေသည်။ ဒေသနာကြားက ပျောက်နိုင်သည်။ မသိနားမလည်သော လူအချို့သည် ၀ါကျိုးဝါပျက်ခြင်းကိုပင် အပြစ်ကြီး တစ်ခုဟု ယူဆနေကြ၏။
ဝါလကင်းလွတ်၍ သီတင်းကျွတ်ချိန်၌ ဝါထွက်ခြင်းအမှုကိုပြုရပါသေးသည်
ဝါကျွတ်ဝါထွက် ပ၀ါယနာပြုခြင်း = သံဃံ (အာဝုသော )ဘန္တေ ပ၀ါရေမိ၊ ဒိဋ္ဌေန၀ါ သုတေန၀ါ ပရိသင်္ကာယ၀ါ
ဝဒန္တုမံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ (ဒုတိယမ္ပိ ဘန္တေ သံဃံ - - ၊ တတိယမ္ပိ ဘန္တေ သံဃံ - )
အရှင်ဘုရားတို့ သံဃာကို ဖိတ်ကြားပါ၏၊ မြင်၍ဖြစ်စေ ကြား၍ဖြစ်စေ ယုံမှား၍ဖြစ်စေ အရှင်ဘုရားတို့သည် တပည့်တော်အာား အစဉ်သနားခြင်းကို အကြောင်းပြု၍ (အပြုသဘော ဖြင့် ) ပြောဆိုကြပါကုန်လော့၊ ( လွန်ကျူးမိသော အပြစ်ရှိခဲ့သော် ) ကုစားပါအံ့။ ဟူ၍ အကျဉ်းအားဖြင့် ဖော်ပြပေးပါသည်။
ဝါဆိုသင်္ကန်း- ၀ါတွင်းကာလ(မိုးကာလ)၌ ဝါဝင် ဝါကပ်သော သံဃာတော်များအား လှူဒါန်းသည့်သင်္ကန်းဖြစ်သည်။
တိပိဋက ပါဠိအဘိဓာန်တွင် ၀ါဆိုသင်္ကန်းကို ၀ဿာဝါသိက သာဋိက- ဟု ဖွင့်သည်
ဝဿာဝါသိက- မိုးကာလ၌ နေလေ့ရှိသော ရဟန်း
သာဋိက-အ၀တ်(သင်္ကန်း)
ဝါမဆိုမီကာလမှာ ၀ါဆိုသင်္ကန်းဆိုပြီး ကပ်လှူလေ့ရှိသည်။
သာဝတ္ထိမြို့ အရှေ့ဘက် ဘုရားရှင် ၂၅-၀ါတိတိ သီတင်းသုံးခဲ့ဖူးတဲ့ ပုဗ္ဗာရာမ-ပုဗ္ဗာရုံ ကျောင်းကြီးမှာ သီတင်းသုံးနေတဲ့ ဘုရားအမှူးရှိတဲ့ သံဃာတွေကို ဝိသာခါကျောင်းအစ်မကြီးက ဆွမ်းကပ်မည့်မတိုင်ခင် ညမှာမိုးကြီးရွာသည်။
ဘုရားရှင်က တပည့်ရဟန်းတွေကို “ ရဟန်းတို့ ဒီမိုးဟာ ဇမ္ဗူဒိပ်တစ်ကျွန်းလုံး ရွာတဲ့မိုး, မိုရာသီမှာ နောက်ဆုံးရွာတဲ့မိုးလည်း ဖြစ်တယ်။ ဒါကြောင့် ရဟန်းတို့ မိုးရေချိုးကြလို့” မိန့်တော်မူ၍ ရဟန်းတော်များ သင်္ကန်းမပါဘဲ မိုးရေချိုးကြသည်။
ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို ဆွမ်းစားပင့်ရန် ဝိသာခါ ကျောင်းအစ်မကြီး၏ ကျွန်မလေးကျောင်းသို့ရောက်သောအခါ သင်္ကန်းမပါဘဲ ရေချိုးနေတဲ့ ရဟန်းတွေကို တွေ့ပါတယ် ထိုအခါမှာ မိမိပင့်ရမည့် သံဃာများမဟုတ်ဟု ယူဆပြီးနောက် ဝိသာခါကျောင်းအစ်မကြီးအား “ ပုဗ္ဗာရုံကျောင်းမှာ ရဟန်းတော်တွေ တစ်ပါးမှ မရှိကြောင်း တက္ကဒွန်းများ ရေချိုးနေတာကိုသာ တွေ့ခဲ့ကြောင်း ပြန်ပြောပါတယ် ။
ဝိသာခါကတော့ .. တက္ကဒွန်းတွေတော့ မဟုတ်နိုင်ရာ၊ ရဟန်းတော်တွေ မိုးရေချိုးတာ သင်္ကန်းခေါင်းပါးလို့ မဝတ်ကြတာ ဖြစ်ရမယ် ဆိုတာဆင်ခြင်မိတော့ ။ ပင့်လာခဲ့ဖို့သာ စေခိုင်းခဲ့တယ် ၊ ဘုရားအမှူးရှိတဲ့သံဃာတွေ အိမ်ကိုကြွလာ၊ ဆွမ်းကပ်ပြီး ထိုအကြောင်းစုံကို ဘုရားရှင်အား လျှောက်တယ်။ ရဟန်းတော်တွေကို ၀ဿာဝါသိက သာဋိက-၀ါဆိုသင်္ကန်း လှူဒါန်းခွင့် ပေးဖို့ကိုပါ လျှောက်ထားတယ် ထိုအချိန်ကစပြီဲး့ မြတ်စွာဘုရားက မိုးရေခံသင်္ကန်းကို ၀တ်ရုံသုံးစွဲခြင်း ခွင့်ပြုခဲ့တယ်။ မိုးတွင်းကာလမှာ ရဟန်းတော်တွေ သင်္ကန်းသုံး ထည်အပြင် မိုးရေခံသင်္ကန်းကိုပါ ၀တ်ရုံသုံးစွဲခွင့်နဲ့ ဝါဆိုသင်္ကန်း လှူဒါန်းခွင့်ရရှိလာတာဟာ ဝိသာခါ ကျောင်းအစ်မကြီးရဲ့ ကျေးဇူးကြောင့်ဖြစ်ပါတယ်။
ယေသံ ပန ကုလာနံ တီဏိ သရာဏာနိ ပဉ္စ သီလာနိ ဧကံ သလာကဘတ္တံ၊ ဧကံ ပက္ခိယဘတ္တံ၊ ဧကံ ၀ဿာဝါသိကံ၊ ဧကာ ပေါက္ခရဏီ၊ ဧကော အာဝါသော၊ ဧ၀ရူပါနိ နိဗဒ္ဓပုညာနိ အတ္ထိ၊ တေသမ္ပိ ဂတိ နိဗဒ္ဓါ၊ သောတာပန္နသဒိသာနေ၀ တာနိ ကုလာနိ။
{ဆောင်} တိသရဏ,ငါးသီလ,မဲချစာရေးတန်,ပက္ခိကဆွမ်း,၀ါသင်္ကန်း,လှူဒါန်းသောက်ရေကန်,ကျောင်းလှူတ၀ နိဗဒ္ဒ ပုညရှိသူမှန်။ သောတာပန်လည်း ထို့တူပဲ သူလည်း ပါယ်မပြန်။
အကြင်အမျိုးကောင်းသား သူတော်ကောင်းတို့အား သရဏဂုံသုံးပါးတည်ခြင်း၊ ငါးပါးသီလ လုံခြုံစွာ စောင့်ထိမ်းခြင်း၊ စာရေးတံဆွမ်းလှူဒါန်းခြင်း၊၊ လဆန်းပက္ခ လဆုတ်ပက္ခ၌ ဆွမ်းလှူဒါန်းခြင်း၊ ၀ါဆို သင်္ကန်း လှူဒါန်းခြင်း၊ ရေတွင်းရေကန် လှူဒါန်းခြင်း၊ ကျောင်းအဆောက်အဦ လှူဒါန်းခြင်း - ဟူသော နိဗဒ္ဓကုသိုလ် တို့ ရှိကုန်၏။ ထိုပုဂ္ဂိုလ်တို့၏လည်း လားရာသုဂတိသည် မြဲ၏။ ထိုအမျိုးကောင်းသား သူတော်ကောင်း များသည် သောတာပန်နှင့်တူကုန်၏ - ဟု အင်္ဂုတ္တိုရ်၊ န၀ကနိပါတ်၊ သဥပါဒိသေသသုတ် အဋ္ဌကထာ၌ မိန့်ဆိုထားပါ၏၊ ဒုတိယဘ၀၌ အပါယ်မလားနိုင်သောကြောင့် သောတာပန်နှင့်အလားတူသည်ဟုပင် မိန့်ဆိုထားပါ၏
'' ရွှေသို့အဆင်း၊ မြူကြေးကင်၍
ရောင်ဝင်းထိန်ပ၊ နူးညံ့ရ၏၊
မကသိန်းဖိုး၊ ပုဆိုးရလေ၊
ညိုရွှေဖြူနီ၊ ဤရှစ်လီသည်၊
ကျမ်းညီသင်္ကန်း လှူကျိုးတည်း။ ''
“စတုပစ္စယေဟိ ဥပဌာကံ ဘိက္ခုသံဃဿ မာတာပိတုဌာနီယံ” ပစ္စည်းလေးပါးဖြင့် ထာဝရထောက်ပံ့လှူဒါန်းနေတဲ့ သူဟာလည်း မိဘ အရာ၌ တည်ပါပေကုန်၏…
No comments:
Post a Comment